ပြုစုတင်ပြသူ - ဗိုလ်မှူးကြီး ထွန်းကြည်
မိမိတပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသော
တပ်မတော်တစ်ရပ်သည် ပြည်သူတို့တွင် လူတန်းစာအလွှာစုံ၊ အတန်းအစားစုံ၊ လူမျိုးစုံ၊ စရိုက်စုံ၊
ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစုံအလင်ရှိသည်ဖြစ်ရာ လူအမျိုးမျိုး စိတ်အထွေထွေတို့ကို တစ်သွေး၊
တစ်သံ၊ တစ်မိန့်ဖြစ်စေရန် လေ့ကျင့်ပုံသွင်းရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပါပေ။ သစ်သား၊
ကျောက်သား၊ ဖယောင်း၊ သတ္ထု စသည်တို့ကို ထုဆစ်ပုံသွင်းရန်မှာ လွယ်ကူသလောက် လူသားတို့ကို
ပုံသွင်းရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။
တပ်မတော်၏ လေ့ကျင့်ရေးစံနှုန်းများသည် စစ်မြေပြင်တွင်
အသင့်အနေအထားအထိ ရှိနေစေရန် ရည်ရွယ်ပါသည်။ လေ့ကျင့်ရေးစံနှုန်းများကိုမူ လျှော့ချပစ်၍
မရနိုင်ပါပေ။ လေ့ကျင့်ရေးတွင် ချွေးထွက်များမှ သွေးထွက်နည်းမည် ဟူ၍လည်း ဆောင်ပုဒ်ထားရှိပြီး
ဖြစ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တပ်မတော်သို့ မိမိဆန္ဒအလျောက် ၀င်လာကြသူများသည်
ပြင်ပအရပ်သားဘ၀က အရိုးစွဲခဲ့သည့် အနေအထိုင်၊ အစားအသောက်၊ အကျင့်စရိုက်၊ အတွေးအခေါ်၊
ဟန်ပန်အမူအရာတို့ကို တပ်မတော်သားဘ၀နှင့် အံဝင်ခွင်ကျဖြစ်စေရန် ပြောင်းလဲညှိယူနေထိုင်လုပ်ကိုင်ကြရပါသည်။
အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လုပ်ကိုင်ကြရသည့် အခါမျိုးတွင်လည်း ထိုနည်းအတူပင်
ဖြစ်ပါသည်။ ယင်းသို့ လိုက်လျောညီထွေဖြစ်ရေန် ညှိယူကြရရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အဖုအထစ်အနည်းနှင့်
အများဆိုသလို ကြုံတွေ့ကြရမည်လည်း ဖြစ်ပါသည်။ အရပ်သားဘ၀မှ တပ်မတော်သားဘ၀သို့ ကူးပြောင်းစတွင်
ညှိယူမှုဆိုင်ရာ ပြဿနာနှစ်ရပ်နှင့် ကြုံတွေ့နိုင်ပါသည်။ ပထမပြဿနာတစ်ရပ်မှာ အရပ်သားဘ၀မှ
စစ်သားဘ၀သို့ ပြောင်းလဲကာစ လေ့ကျင့်ရေးကျောင်းများ (သက်ဆိုင်ရာ တပ်မတော်တက္ကသိုလ်များ)တွင်
ဖြစ်ပေါ်တတ်ပြီး ဒုတိယပြဿနာမှာ ခက်ခဲပင်ပန်းကြမ်းတမ်းလှသည့် ရှေ့တန်းစစ်မျက်နှာ၌ အသက်အန္တရာယ်နှင့်
ကြုံတွေ့နိုင်သည့် တိုက်ပွဲကာလတွင် ဖြစ်ပေါ်နိုင်သော ညှိယူမှုပြဿနာများပင် ဖြစ်ပါသည်။
လူသစ်ဘ၀ညှိယူမှုဆိုင်ရာများ
(The Recruit’s Adjustment)
လူသစ် (ရဲဘော်သစ်) ဘ၀၊ ဗိုလ်လောင်းဖြစ်စဘ၀တွင်
ဦးစွာကြုံတွေ့ရမည်မှာ စည်းမျဉ်း၊ စည်းကမ်းများအကြား ရှုပ်ထွေးနေမှုများပင် ဖြစ်သည်။
မိမိနားမလည်သည့် အကြောင်းအရာများ၊ မိမိမလုပ်လိုသည့် လှုပ်ရှားပြုမူမှုများကို အများနည်းတူ
လိုက်လျောညီထွေဖြစ်စေရန် လိုက်လံလုပ်ဆောင်ကြရပါမည်။ ပြင်ပ အရပ်သားဘ၀တွင် အချိန်ကို
ကိုယ်ပိုင်ပစ္စည်းတစ်ခုသဖွယ် ယူဆခဲ့ကြ၍ စားချင်သည့်အချိန်၊ သွားချင်သည့်အချိန်၊ လုပ်ချင်သည့်အချိန်၊
မလုပ်ချင်သည့်အချိန်၊ အိပ်ချင်သည့်အချိန်တို့သည် မိမိသဘောအတိုင်းသာ မိမိဆောင်စေခဲ့ပါသည်။
တပ်မတော်သားဘ၀တွင် အိပ်ယာထိချိန်၊ လေ့ကျင့်ချိန်၊ စားချိန်၊ နားချိန် စသည်တို့ဖြင့်
ထားရှိသောကြောင့် အချိန်များသည် မိမိသဘောနှင့် ဆန့်ကျင့်လာသလို ဖြစ်လာသဖြင့် ဖိစီးမှုတစ်ခုလည်း
ဖြစ်လာပါတော့သည်။
တူညီသော ၀တ်စားမှုနှင့် နေထိုင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း
အခက်အခဲတစ်ခုသဖွယ် ဖြစ်လာပြန်သည်။ ငါ့ကိုယ် ငါမပိုင်၊ င့ါကိုယ်ပိုင်ဟန်တွေတော့ ပျောက်ဆုံးကုန်ပါရဲ့
ဟူသည့် စိတ်ခံစားမှုများလည်း ၀င်လာနိုင်ပါသည်။ ငါသည်အများ၊ အများသည် ငါဟူသည့် ခံစားမှုမျိုးဖြစ်ပေါ်မလာကြသေးပေ။
အစစအရာရာ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်းသာ ပြုမူလုပ်ဆောင်ကြရသဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်
ပျောက်ဆုံးပြီဟူသော ခံစားချက်ကြောင့် လိုဘမပြည့်ခြင်း (Frustration)၊ ကြောက်ရွံ့ခြင်း
(Fear)၊ ဒေါသဖြစ်ခြင်း (Anger)၊ စိတ်ဓာတ်ကျခြင်း (Depression) စသည်တို့ ဖြစ်ပေါ်လာတတ်သည်။
မိဝေး၊ ဖဝေး၊ အပေါင်းအသင်းဆွေမျိုးများနှင့်
ဝေးရသည်သာမက သူစိမ်းဆန်သည့်သဘော ဆက်ဆံရေးများကြောင့် လွမ်းဖျားလွမ်းနာ (Cryptic
Nostalgia)၊ အိမ်လွမ်းစိတ် (Homesickness) များလည်း ဖြစ်ပေါ်ခံစားလာတတ်ကြပါသည်။ ထိုခံစားမှုများကြောင့်
မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ တာဝန်ယူလိုစိတ်မရှိခြင်း၊ မနာခံလိုခြင်း၊ သင်ယူလိုမှု
လေ့ကျင့်လိုမှုမရှိခြင်း၊ လေ့ကျင့်မှုများတွင် အလွဲလွဲအချော်ချော် ဖြစ်လာတတ်ခြင်းတို့
ဖြစ်ပေါ်လာပါသည်။ ထို့အပြင် အစားအသောက် မ၀သလို၊ အိပ်ရေးမ၀သလို ခံစားရခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊
အသက်ရှုမ၀ခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်သားနာကျင်ခြင်း/ကိုက်ခဲခြင်း စသည့် ကိုယ်စိတ်ဆက်နွယ်
ဝေဒနာများ (Psychosomatic Disorders) လည်း ခံစားရတတ်ပါသည်။
ယင်းသို့ ပတ်ဝန်းကျင်သစ်ကို ညှိယူရသဖြင့်
ဖြစ်ပေါ်လာသည့် ခံစားမှုများသည် လူတိုင်းတွင် တပြေးညီ သဘောမျိုး မဟုတ်ပါပေ။ အချို့သူများမှာမူ
တပ်မတော်သားဘ၀ အစားအသောက်၊ အ၀တ်အစား၊ အနေအထိုင်၊ ၀င်ငွေလစာ စသည်တို့သည် မိမိတို့ ယခင်အရပ်သားဘ၀ထက်
ပိုမိုကောင်းမွန်သည်ဟု ခံစားရတတ်ကာ လေ့ကျင့်သင်ယူမှုများတွင် အားစိုက်တတ်ကြပြီး တပ်မတော်သားဘ၀မှ
လမ်းလွဲ သွေဖီသွားမည်ကိုပင် စိုးရိမ်ပူပန်တတ်ကြသေးသည်။ ယင်းသို့ဖြစ်ခြင်းမှာ တစ်ဦးနှင့်တစ်ဦး
ပုဂ္ဂိုလ်ရေးဆိုင်ရာ ကွဲပြားခြားနားခြင်း (Individual Differences) ကြောင့်ပင် ဖြစ်ပါသည်။
ယင်းသို့ ဖြစ်ခြင်းကို ကိုယ်ရည်ကိုယ်သွေး (Personality)၊ သိမှုစွမ်းရည် (Cognitive
Ability)၊ စေ့ဆော်မှု (Motivation)၊ မိသားစုနောက်ခံအကြောင်းအရင်း (Family
Background)၊ သဘောထားနှင့် တန်ဖိုးထားမှု (Opinion and Value)၊ ဆက်ဆံရေးပတ်ဝန်းကျင်
(Social Background) တို့က သတ်မှတ်ပြဌာန်းလေ့ရှိပါသည်။ ဥပမာအားဖြင့် သိမှုစွမ်းရည်
(Cognitive Ability) မြင့်မားသူများသည် စဉ်းစားဆင်ခြင်မှု မြင့်မားပြီး လျှပ်တစ်ပြက်
ဖြတ်ထိုးဉာဏ်နှင့် အရေးပေါ်အခြေအနေတို့တွင် ထိရောက်သည့် ဉာဏ်ရည်ကို အသုံးချကာ ပြဿနာကို
ဖြေရှင်းတတ်ကြပါသည်။ အလားတူ အပြင်စွဲကိုယ်ရည်ကိုယ်သွေး (Extraverted Personality) ရရှိသူများသည်
ယေဘုယျအားဖြင့် လူအများနှင့် ပေါင်းသင်းဆက်ဆံရေး လွယ်ကူပြီး အသင်းအဖွဲ့နှင့် အလိုက်အထိုက်
နေထိုင်တတ်ကြသဖြင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်တွင် မြင့်မားနေမည် ဖြစ်ပါသည်။
ထို့ကြောင့် စေ့ဆော်မှုမြင့်မားသူများသည်
အလုပ်လုပ်လိုစိတ်၊ တာဝန်ယူလိုစိတ် မြင့်မားပြီး လုပ်ငန်းကိစ္စ အမျိုးမျိုးကို အခက်အခဲကြားမှပင်
လွယ်ကူစွာ ဖြတ်ကျော်နိုင်ပါသည်။ စေ့ဆော်မှုမြင့်မားသူများသည် ဖြတ်လတ်သွက်လက်တတ်ပြီး
ရည်မှန်းချက်သို့ ပြီးမြောက်အောင် ဆောင်ရွက်တတ်သည့်သဘောလည်း ရှိပါသည်။ မိသားစု နောက်ခံအကြောင်းရင်းသည်လည်း
ထိုသူ၏ ကိုယ်ရည်ကိုသ်ွးနှင့် စွမ်းရည်များကို များစွာခြားနားစေပါသည်။ မိကွဲဖကွဲ (အိမ်ထောင်ကွဲ)
မိသားစုများမှ ကြီးပြင်သူအချို့သည် အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ ၀ိုင်းပယ်ခံစားရစိတ်များ
ခံစားရတတ်ကာ ထိုစိတ်အခံများဖြင့် ပတ်ဝန်းကျင်နှင့် ညှိယူမှုကွာဟပြီး သီးခြားဖြစ်နေတတ်ကာ
အများနှင့် လိုက်လျောညီထွေဖြစ်မှု နည်းပါးပြီး ဆက်ဆံရေးဆန့်ကျင်မှုများအထိပင် ဖြစ်နိုင်ပါသည်။
၎င်းတို့သည် နေရာသစ်တွင် ညှိယူမှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့တတ်ကြပါသည်။
ယခုအခါတွင် တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ
တပ်မတော်တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေသည့် ပထမနှစ်ဗိုလ်လောင်းများအား အရပ်သားဘ၀မှ
တပ်မတော်သားဘ၀သို့ ပြောင်းလဲကာစ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် စိတ်စစ်ဆေးခြင်းနှင့်
စိတ်ဓာတ်မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယင်းသို့ ပြုလုပ်ရာ၍ တပ်မတော်အတွင်းရှိ
စိတ်ပညာရှင်များနှင့် စိတ်ကျန်းမာရေး ဆရာဝန်များ ပူးပေါင်းကာ အောက်ပါဆောင်ရွက်စဉ်များအတိုင်း
လုပ်ဆောင်ပေးလျက်ရှိပါသည်။ စိတ်ခံစားမှုနှင့် ပတ်သက်သည့် ဆောင်ရွက်စဉ်တွင် လတ်တလောခံစားနေရသည့်
ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို မေးခွန်းများ ဖွဲ့စည်းကာ ၎င်းတို့ ခံစားရသည့်အတိုင်း
ဒီဂရီ (၄)မျိုးဖြင့် ခံစားရသည့် အတိုင်းအတာအလိုက် ရွေးချယ်ဖြေဆိုစေခြင်း ဖြစ်ပါသည်။
သဘောထား၊ ထင်မြင်ချက်နှင့် ပတ်သက်သည့် ဆောင်ရွက်စဉ်တွင် လက်ရှိတက်ရောက်နေသည့် သင်တန်းအပေါ်
ထားရှိသည့် သဘောထားအမြင်များကို ဆန့်ကျင်ဘက်အမြင် (၂)ခုဖြင့် မေးခွန်းဖွဲ့စည်းကာ ၎င်းတို့နှင့်
ကိုက်ညီသည့်အမြင်ကို ရွေးချယ်ဖြေဆိုစေခြင်းနှင့် အနေအထိုင်၊ အစားအသောက်၊ အနားမရခြင်း၊
နေရာသစ် (ပတ်ဝန်းကျင်သစ်) အတွေ့အကြုံ၊ စည်းကမ်း၊ အပြစ်ပေးခြင်း စသည်တို့နှင့် ပတ်သက်သည့်
ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ရေးသားဖြေဆိုစေခြင်းတို့ ဖြစ်ပါသည်။
ယင်းသို့ စစ်ဆေးရရှိသည့် ရလဒ်များကို စိစစ်ပြီး
၎င်းတို့ခံစားရသည့် စိတ်ပိုင်းလက္ခဏာများနှင့် ခံစားချက်များကို အောက်ပါအတိုင်း တွေ့ရှိရမည်
ဖြစ်ပါသည် -
-
ကိုယ်ခန္ဓာအစိတ်အပိုင်း
တစ်ခုခု ထုံကျင်ခြင်း
-
အသက်ရှူမ၀သလို
ခံစားရခြင်း
-
ငိုချင်စိတ်ဖြစ်ခြင်း၊
ငိုမိခြင်း
-
လိင်စိတ်လျော့နည်းခြင်း
-
အခြားသူများကို
ဝေဖန်၊ အပြစ်တင်ခြင်း
-
စိတ်တိုလွယ်ခြင်း
-
တစ်ခုခုလုပ်ပြီးတိုင်
မသေချာသလို ခံစားရခြင်း
-
အနေအထိုင်
ကျဉ်းကျပ်သလို ခံစားရခြင်း
-
ကိုယ့်ကို
ရင်းရင်းနှီးနှီး မဆက်ဆံဘူးဟု ထင်ခြင်း
-
တစ်ခုခုလုပ်သည့်အခါ
တားဆီးသလို ခံစားရခြင်း
-
မလိုလားအပ်သည့်
အတွေးများ ဖြစ်ပေါ်ခြင်း
-
စည်းကမ်းကြီးသည်၊
တင်းကျပ်လွန်းသည်ဟု ထင်ခြင်း
-
အိမ်လွမ်းခြင်း၊
မိဘမောင်နှမများကို သတိရခြင်း
-
အထီးကျန်ဆန်ခြင်း
-
စိတ်အားငယ်ခြင်း
-
ရှေ့ရေးတွေးပြီး
ရင်မောမိခြင်း
-
အခြားသူများက
ကိုယ့်ကို မညှာဘူးဟု ထင်မိခြင်း
စသည်တို့ ဖြစ်သည်။
စစ်ဆေးချက်များအရ တွေ့ရှိသည်မှာ ၂၀၀၅ ခုနှစ်တွင်
တပ်မတော်တက္ကသိုလ်ကြီး (၄)ခုရှိ ပထမနှစ် ဗိုလ်လောင်း ၄၂၁၈ ဦးအနက် ၉၆ ဦးမှာ စိတ်ဓာတ်လျော့ကျနေသဖြင့်
ရာခိုင်နှုန်းအားဖြင့် ၂.၉၈% ရှိပြီး၊ ၂၀၀၆ ခုနှစ် ဗိုလ်လောင်း ၂၀၉၂ ဦးအနက် ၁၀၂ ဦးမှာ
စိတ်ဓာတ်လျော့ကျနေသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄.၈၇% ရှိသည်ကို တွေ့ရပါသည်။ ထိုသို့
တွေ့ရှိရသော ဗိုလ်လောင်းများအား စိတ်ဓာတ်မြှင့်တင်ပေးပြီး ဖြေသိမ့်ဆွေးနွေးမှုများ
(Counseling) ပြုလုပ်ပေးပြီးနောက် သက်ဆိုင်ရာ ပါမောက္ခများ၊ နည်းပြအရာရှိများအား စနစ်တကျ
ကြီးကြပ်ကွပ်ကဲရန် အကြံပြုခဲ့ရပါသည်။ အထူးသဖြင့် တပ်မတော်တက္ကသိုလ်အသီးသီးတွင် ထားရှိပြီးဖြစ်သော
အဆင့်ဆင့် ထိန်းကျောင်းကွပ်ကဲရသည့် အုပ်ထိန်းမှုစနစ် (Guardian System) ကို ပိုမိုပီပြင်စွာ
အကောင်အထည် ဖော်ရန်လိုအပ်လှပါသည်။ ထို့အပြင် တပ်မတော်တက္ကသိုလ်အသီးသီး၌ စိတ်ပညာဌာနများ
တိုးချဲ့ဖွဲ့စည်းကာ စိတ်ဓာတ်မြှင့်တင်ရေး၊ ဖြေသိမ့်ဆွေးနွေးမှုနှင့် စိတ်ဖြေလျော့မှုလုပ်ငန်းများဖြင့်
ဆောင်ရွက်သွားပါက ယခုထက် ပိုမိုအထောက်အကူ ဖြစ်စေနိုင်ပါသည်။ အလားတူ သုတေသနလုပ်ငန်းများလည်း
ပြုလုပ်သွားနိုင်မည်ဖြစ်ပါသည်။
တိုက်ပွဲကာလ
ညှိယူမှုများ (Adjustment to Combat)
တပ်ရင်း၊ တပ်ဖွဲ့တစ်ခုသည်လည်းကောင်း၊ စစ်သည်တစ်ဦးချင်သည်လည်းကောင်း၊
တိုက်ပွဲကာလ နီးကပ်လာလေလေ စိုးရိမ်ပူပန်မှုအမျိုးမျိုး ပေါ်ပေါက်နိုင်လေလေ ဖြစ်တတ်ပါသည်။
တကယ်တမ်း တိုက်ပွဲဝင်သည့်အခါတွင်လည်း ထိုပူပန်မှုများသည် ပို၍ပို၍ တိုးပွားလာနိုင်ပါသည်။
ပထမဆုံး ကြုံတွေ့ခံစားရသည်မှာ သေမှာကို ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ လူတို့သည် မိမိအသက်သေမည်ကို
ကြောက်ရွံ့တတ်သည့်သဘောရှိသော်လည်း မိမိသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု သစ္စာဆိုပြီး ကတည်းကပင် စစ်သားဘ၀က တိုက်ရင်းသေရတာ
မြတ်တယ်ဟူသည့် စိတ်ကို အထိုက်အလျောက် ရင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အလားတူ တိုက်ပွဲတွင်
ကျဆုံးသူ၊ ဒဏ်ရာရ ကျိုးပြတ်သူပမာဏသည် ကျန်သူများထက် လွန်စွာနည်းပါးသည်ဟု သိရှိထားခြင်းဖြင့်လည်း
တိုက်ပွဲဖိစီးမှု (Cambat Stress)ကို လျော့ပါးစေနိုင်ပါသည်။ ထို့အတူ ဘာသာရေးဆိုင်ရာ
ယုံကြည်မှု၊ စိတ်ဓာတ်ရေးရာ ခိုင်မာမှု၊ ဂုဏ်သိက္ခာဆိုင်ရာ ခံယူမှုများသည်လည်း တိုက်ပွဲဝင်
စိတ်ဓာတ်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ပါသည်။
တိုက်ပွဲဝင်အတွေ့အကြုံသစ် စတင်ရရှိမည့် ရဲဘော်သစ်များသည်
တိုက်ပွဲတွင် ကြုံတွေ့ရတတ်သည့် အနိဋ္ဌာရုံ မြင်ကွင်းများနှင့် လိုက်လျောညီထွေဖြစ်အောင်
ညှိယူနေထိုင်ရာတွင် ယင်းမြင်ကွင်းများကြောင့် သွေးပျက်ချောက်ချားခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းများ
မဖြစ်စေရန် ရဲဘော်စိတ်ဖြင့် တွန်းလှန်ပစ်ရန် လိုအပ်ပါသည်။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်
ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်၏ဟုလည်း ဆိုထားပါသည်။
တိုက်ပွဲဝင် စစ်သည်များသည် အချိန်ကာလနှင့် ပတ်သက်၍လည်း အာရုံသိမှု လွဲမှားတတ်ကြပါသည်။
ထိုအခါတွင် မနက်ဖြန်အတွက် မသေချာသလို ခံစားမှုမျိုးလည်း ၀င်လာနိုင်ပါသည်။ အထူးသဖြင့်
နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်နေချိန်တွင် အချိန်ကြာမြင့်သည်ဟု ခံစားရခြင်း၊ စိတ်ဂနာမငြိမ်ခြင်း
(Restlessness) နှင့် မသက်မသာဖြစ်ခြင်း (Uneasy) တို့ဥည် ဖြစ်ပေါ်လာတတ်ပါသည်။ ထိုသို့
ရင်ဆိုင်ပစ်ခတ်နေခြင်းကို အချည်းအနှီးဖြစ်သည်ဟုလည်း ခံစားရတတ်ပြီး လိုဘမပြည့်မှုများ
ဖြစ်ပေါ်လာတတ်ပါသည်။ အထူးသဖြင့် တိုက်ပွဲကို အဆုံးသတ်သွားအောင် မိမိက မစွမ်းဆောင်နိုင်သည့်အခါ
ထိုလိုဘမပြည့်မှုများ ပို၍ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ ထိုအခြေအနေမျိုးတွင် အစာစားချင်းသလို၊
ရေသောက်ချင်သလို၊ အကာအကွယ်တစ်ခုခုရချင်သလို စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည်။ အချို့တွင်မူ
မကျေမနပ်ဖြစ်ခြင်း၊ သည်းမခံနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်လာပြီး တိုက်ပွဲဖိစီးမှုကြောင့်
ညှိယူမှုပြဿနာများ ဖြစ်ပေါ်လာပါတော့သည်။ ဖော်ပြပါ ညှိယူမှုဆိုင်ရာ ပြဿနာနှစ်ရပ်သည် အရပ်သားဘ၀မှ
တပ်မတော်သား ဘ၀ခံယူကာစ အတွေ့အကြုံနုနယ်သေးသည့် တပ်မတော်သားများဘ၀တွင် ကြုံတွေ့နိုင်သည့်
ပြဿနာများဖြစ်၍ ထိုပြဿနာတို့၏ သဘောကို ကောင်းစွာသိရှိနားလည်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်
လိုအပ်လှပါသည်။ မိမိတပ်မတော်တွင် စိတ်ကျန်းမာမှု အခန်းကဏ္ဌ တိုးတက်စေရေးနှင့် စိတ်ရောဂါ
ဆေးခုံရုံးဖြင့် နှုတ်ထွက်စေမှု လျော့နည်းရေးအတွက် အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်ရန် အကြံပြုထားသည်ကိုလည်း
တွေ့ရှိရပါသည်။
ပထမအဆင့်။ ။ စုဆောင်းရေးတပ်ဖွဲ့များတွင်
စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို ပီပီပြင်ပြင် စနစ်တကျ ပြုလုပ်စေခြင်း။
ဒုတိယအဆင့်။ ။ လေ့ကျင့်ရေးကျောင်းများရှိ
လေ့ကျင့်ရေးအရာရှိများနှင့် နည်းပြများအား စိတ်ကျန်းမာမှုဆိုင်ရာများ အသိပေးပညာပေးရေးနှင့်
လိုအပ်သည့် အကြံပေးလမ်းညွှန်မှုများ ရရှိအောင် ဆောင်ရွက်စေခြင်း။
တတိယအဆင့်။ ။ သက်ဆိုင်ရာတပ်ရင်း၊
တပ်ဖွဲ့များအဆင့်တွင် အရာရှိ၊ အရာခံ၊ အကြပ်များအား သာမန်စံကိုက်ပုဂ္ဂိုလ်များ၏ ကိုယ်ရည်ကိုယ်သွေး
အဆောက်အအုံကို နားလည်စေခြင်း၊ စိတ်ရောဂါဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်များနှင့်
စိတ်မကျန်းမာမှု၏ ရောဂါပြလက္ခဏာများကို စောစီးစွာ သိရှိရန် ပညာပေးဟောပြောစေခြင်းတို့
ဖြစ်ပါသည်။
ယခုအခါတွင် လေ့ကျင့်ရေးအရာရှိချုပ်ရုံး၏
ညွှန်ကြားချက်များအရ ခြေလျင်တပ်ခွဲမှူးသင်တန်း၊ ခြေလျင်တပ်ရင်းမှူးသင်တန်းနှင့် အခြားသော
အရာရှိကြီးများသင်တန်းများသို့ တက်ရောက်သည့် အရာရှိများအား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများ
ပြုလုပ်လျက်ရှိရာ စစ်ဆေးတွေ့ရှိသည့် ရလဒ်များကို စိစစ်သုံးသပ်၍ တပ်မတော်သားဘ၀ စိတ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုများနှင့် ထိန်းချုပ်ပြုပြင်ရေးဆိုင်ရာ အစီအစဉ်သစ်များ ရေးဆွဲကာ စနစ်တကျ
ကိုင်တွယ်စေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာသည့်စစ်သည်များဖြင့် ခေတ်မီတပ်မတော်တစ်ရပ်ကို
တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါသည်။
ရည်ညွှန်းချက်
1.
Boring
Edwin, Psychology for the Armed Services (3rd Edition) Washington,
Infantry Journal Press, (1948)
2.
Committee
of the Psychology for the Flghting Man < National Research Council USA
(1943)
3.
Han's
Selye Stress Without distress NewYork< Lippineott, (1947)