
စာအမြဲဖတ်တဲ့သူဟာ
ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့်
ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင် မခံဘူး။ အခြေအမြစ်ကို အရဖမ်းဆုပ်ပြီး
ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ
စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က
စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။
စာဖတ်တာနဲ့ပတ်သက်ပြီး
မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို
ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
စာဖတ်တာကို
နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့
ပန်းတစ်ပွင့်မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က
ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
စာဖတ်ခြင်းက
စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက
အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက
ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။
ကျယ်ဝန်းတဲ့၊
ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို
ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို
စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ
တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ
တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။
စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ
သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ
သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့
မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့
အသိပညာရှိတယ်။
စာဖတ်တဲ့မိန်းကလေးတွေဟာ
အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။
အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက
ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို
စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊
စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။
စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက
မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။
စာဖတ်တဲ့
မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်ခြင်းကိုနှစ်သက်တဲ့
မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။
စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။
ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။
တချို့မိန်းကလေးတွေက
စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က
ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ
စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို
ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။
အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က
ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို
စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့
ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။
လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အာရုံခံစားမှု
သူတို့မှာရှိတယ်။
တချို့မိန်းကလေးတွေက
စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။
သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။
စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို
မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့
စာအုပ်တစ်အုပ်ဖြစ်တယ်။
စာဖတ်ကြိုက်တဲ့
မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ်
ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့
ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ
လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။
ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို
လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်...
စာဖတ်ခြင်းက
လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို
သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊
နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။
နိုင်းနိုင်းစနေ
No comments:
Post a Comment