ဥက္ကလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရားသမိုင်း
ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူလဲဖြစ် ၊ ဘုရားသမိုင်းကိုလဲ အများသိစေချင်၊ ဘုရားကိုလဲ ဖူးစေချင်၊ သဘာဝလိုဏ်ဂူ ကိုလဲ ထိုက်ထိုက်တန်တန် လာရောက်လေ့လာစေချင်လို့ ပါ။ သာသနာတော်လဲ ပြန့်ပွား နိုင်အောင်ပါ
ဥဏ္ဏလုံမွေရှင်တော်စေတီ
ဥဏ္ဏလုံမွေရှင်တော် စေတီတော်မြတ်သည် ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည်။ မူရင်း ဒါယကာမှာ သီရိ ဓမ္မာ သောကမင်းဖြစ်၍ မြတ်စွာ ဘုရားရှင်၏ မျက်မှောင်တော်၌ ပေါက်ရောက်သော ဥဏ္ဏလုံမွေတော်ဓာတ်တော်ကို ဌာပနာ ထည့်သွင်း ပူဇော်ခဲ့သဖြင့် ဥဏ္ဏလုံ မွေရှင်တော်ဟု ခေါ်ဆိုခဲ့ပါသည်။
ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ပြန်လည်ပြုပြငှ်ု ထီးတော်တင်လှူခဲ့ပြီး ပုဂံမင်းဆက် အလောင်းစည်သူမင်းကြီးက ပြန်လည်မွမ်းမံ ၍ ထီးတော် တင်လှူခဲ့ရာ ထီးတော်မှာ သုံးဆင့် ဖူးမြင်ရခြင်း ဖြစ်ပါသည်။
နိဒါန်း
ရှေးမင်းများလက်ထက်ကတည်းက တန်ခိုးကြီးထင်ရှားသော စေတီ ပုထိုးဂူကျောင်း ဘုရားများကို ကိုးကွယ်ခဲ့ရာ ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် မြင်းမထိ ကျေးရွာ ရှိ မြင်းမထိ လှိုင်ခေါင်း နှင့် ဘုရားများမှာ ဆန်းကြယ် ထင်ရှားလှတော့သည်။
သဘာဝ အလျှောက် ဖြစ်ပေါ်လာခဲ့သော ကျောက်လှိုင်ခေါင်းကြီးနှင့် ဂူများအတွင်း၌ ရှေးနှစ်ပေါင်း (2300) ကျော်ကာလမှ စတင်၍ ဘုရားများကို တည်ထားကိုးကွယ် ခဲ့သဖြင့် သမိုင်းဝင် ဥမင်လှိုင်ခေါင်းနှင့် သမိုင်းဝင် ဘုရားများဖြစ်ပေတော့သည်။
ဤကဲ့သို့ ထူးခြားဆန်းကြယ်သော မြင်းမထိလှိုင်ခေါင်းနှင့် ဘုရားများ၏ သမိုင်းအထောက်အထားများကို ရှာဖွေခဲ့ရာ မြင်းမထိရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ထံမှ ကောဇာသက္ကရာဇ် (1276) ခုနှစ်တွင် ရေးသားမှတ်တမ်းတင်ထားခဲ့သော ရှစ်ကြောင်းရေး (၆) ရွက်ပါ ပေစာတစ်စောင်ကို ရရှိခဲ့သည်။
ယင်းပေစာတွင် မြင်းမထိ ဥမင်လှိုင်ခေါင်းရှိ စေတီဘုရားများမှာ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုများဖြစ်ကြောင်း ဆက်လက်၍ အနော်ရထာမင်းစောက ကောင်းမှုပြုခဲ့ကြောင်း အခိုင်အမာတွေ့ရှိခဲ့သည်။
သို့ပါ၍ လူသူအများ ၀င်ထွက်သွားလာ ဘုရားဖူး၍ရသော အ၀င်ပေါက်မှသည် အထွက်ပေါက် အထိ (၁၀၂၈) ပေ ရှည်လျားသော မြင်းမထိ ဥမင်လှိုင်ခေါင်းနှင့် ဘုရားများသမိုင်းကြောင်းကို ပေစာအထောက်အထား ၊ ဦးကုလား ၏ မဟာရာဇ၀င်ကြီး ၊ မှန်နန်းရာဇ၀င်တော်ကြီး၊ ဟံသာဝတီ ဦးဘရင် ရေး အနော်ရထာ သမိုင်းကျမ်းများအရ ရေးသားပြုစုထားခြင်း ဖြစ်ပါသည် ။
မြင်းမထိဘုရားအစ ၊ သီရိဓမ္မာသောကမင်းကြီးက
မဇ္ဈိမဒေသ၊ ပါဋလိပုတ်ပြည်၌ သာသနာ သက္ကရာဇ် (၂၁၈ ) ခုနှစ် တွင် ဓမ္မာသောကမင်းကြီးသည် မင်းအဖြစ်သို့ ရောက်ရှိသည်။ ဗုဒ္ဓသာသနာတော်ကို ကြည်ညို၍ မင်းအဖြစ်သို့ ရောက်ရှိသည်။ ဗုဒ္ဓသာသနာတော်ကို ကြည်ညို၍ ချီးမြောက်လိုသောအားဖြင့် ဓမ္မခန္ဓာ ရှစ်သောင်း လေးထောင်၊ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ၊ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊ စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင် ကို ဆောက်လုပ်လှူဒါန်း ခဲ့သည်။ သာသနာ တက္ကရာဇ် (၂၃၅) ခုနှစ်တွင် မောဂလ္လိတိဿမထေရ်ကို အမှူးပြု၍ တတိယ သင်္ဂါယနာတင်သည်။ သာသနာတည်မည့် အလားအလာရှိသော အရပ်(၉) ဌာနသို့ သာသနာပြုစေလွတ်တော်မူခဲ့သည်။
မြင်းမထိ ပေစာအရ (မြတ်ဘိ မွေတော်အစစ်၊ ကြည့်သော် ထင်ရှားဝေဓိမျှကိုင် ၊ ကြီးသားမြင်ထင်၊ ဝေးကမြင်၏၊ တောင်ခွင်အတိ ၊ ကရင်ကြီးတည်း၊ မြင်ဘိစောင့်ထား၊ ပိုင်းခြားမြေပိုင်၊ ရတ်မြိုင်တောက၊ မြင်းလှတစ်စီး၊ ထားဘိစောင့်ကျပ် ၊ ဘနပ်တော်တွင် ၊ နေစေချင်ဟု၊ အောင်မြင်ဓမ္မာသောက ၊ ပြုထားကောင်းမှု၊ များလှိုင်၊ ဦးမှင်မှာတည်း ။ အတိဘုရားရှိ၏ ။ ဓမ္မာသောက ဥစ္စာလည်းဦးမှင် မှာတည်း။ ) ဟု ဓမ္မာ သောကမင်းကြီး လှူဒါန်း ခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။
ထိုမှ တစ်ပါး (မြေချားသုံးပါး၊ ထားတုံပြီးမှ ၊ ဌာနရတ်မြေ ၊ ပလောင်ပြည်တည်း ။ တူတချား ကောလပိစံ ၊ လက်ဘက်ချံ နှင့် ရေကံထားလျက် ၊ ဘုရားမြတ်စွာ၊ ဓမ္မာသောက ၊ ဘုရားရှိ လူတစ်စု ၊ ခေါင်ရိတ်ဟူ၏ ။ ပလောင်ရွက် မြောက်ခွင်၊ ရှေ့မော်ထူးတည်း။) ဟု ရေးသားပြုစုထားပါသည် ။
(ပေစာထဲတွင် ရှိသည့်အတိုင်း သတ်ပုံကို မပြုပြင် ဘဲ ဖော်ပြပါသည် ။ )
ပလောင်ရွာဟူသည်မှာ ပင်လောင်း ဖြစ်သည်။ မြင်းမထိမှ တောင်ဘက်သို့ ရေမြေခြားနေသည်ကို ကျော်လွန်ပါက ပင်လောင်းသို့ရောက်ကြောင်း မြင်းမထိ ဥမင်၌ ရှိသော ဘုရားများမှာ ဓမ္မသောက မင်း၏ ကောင်းမှုများဖြစ်ကြောင်း ထင်ရှားပါသည်။
( သိန္ဒောမြောက်ကား ၊ အရှေ့တောင်ခြေရင်းတွင် ၊ ရေ၀င်ဦးမှင်ရှိ၏ ၊ ဟင်းသာ တောင်မနီးမဝေးမြောက်က (မြင်းမထိ) ဟူ၌ ရှိ၏ ပတ်၍ ၀င် ဥစ္စာမြင်၏ ။ မြင်းမထိ အနောက်မြောက်က မြင်းကတောင် ဟူ၍ ရှိ၏။ အရှေ့တောင်ထောင့်တွင် အင်းရှိ၏ ။ အင်းတော်က တောင်ထိပ်တွင် စေတီတစ်လုံး ရှိ၏ ၊ ရပ်တော် တစ်ထောင့်ထွာ ၊ အုပ်လေးချပ် ၊ ဓမ္မာ သောကမင်း ကောင်းမှုမွေတော် သည် ဘုန်းရှိ တုမရှိ တည်း။ ဘုရား အရှေ့က ရေ၀င်ဥမှင်ရှိ၏ ။ ရေထဲတွင် ကိုးလန့် ရှိ၏ ။ ဥုံနလုံ ဓာတ်တော် မှတ်တမ်း တင်ထားသည်ကို တွေ့ရသည်။
သို့ပါ၍ မြင်းမထိ ဂူဘုရားအစ သီရိဓမ္မာသောကမင်းက ဟူသော အဆိုတွင်လာခဲ့ခြင်းဖြစ်ပေသည်။
ပေစာတွင် ဖော်ပြထားသော မြင်းမထိ တောင်ရှေ့တွင် စေတီ ၊ ၄င်းအနား တွင် ရေ၀င်ဦးမှင် ရှိနေသည်။ တောင်ဘက်တွင် ပင်လောင်း၊ မြောက်ဘက်တွင် မြင်းကရွာ ရှိပါသည်။ ယခု ၄င်းရေရှိသည့် နေရာတွင် သံလှေကား တပ်ဆင်ပေးပြီး ဖြစ်ပါသည်။ ဥုံနလုံ (ဥဏ္ဏလုံ)ဓါတ်တော် တည်ရှိသည့် ဘုရားသည် လှိုင်ခေါင်း ထဲတွင် တည်ရှိနေပါသည်။ အရှင် မဟာကဿပ မထေရ်၏ ရှေ့မှောက်တွင် ပေစာကို ရေးသားပြုစု၍ လုံခြုံစွာ ထိန်းသိမ်းပြီး နောက် အဆင့်ဆင့် မှတ်တမ်းတင်ခဲ့ရာ ဤပေစာအရ ကျောက်လှိုင်ခေါင်းမှ ရှေးနှစ်ပေါင်း ထောင်ပေါင်းသောင်းကျော်ကတည်းက ဖြစ်တည်လာခဲ့ပြီး ဘုရားစေတီများမှာ လွန်ခဲ့သည့် နှစ် (၂၃၀၀) ကျော် ကတည်းက တည်ထားကိုးကွယ်ခဲ့သော ဓမ္မသောက မင်း၏ ကောင်းမှု ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သိရှိရပါသည်။
ဓမ္မာသောက၏ နောက်မှာ အနော်ရထာ
မြင်းမထိလှိုင်ဂူ၊ လှိုင်ခေါင်းတို့တွင် စေတီဘုရားများ၏ အစအဦး ကောင်းမှုရှင်သည် သီရိဓမ္မသောကမင်းကြီး ဖြစ်၍ နောက်ပိုင်းတွင် ဆက်လက်တည်ထားကိုးကွယ်သူမှာ ပုဂံ အနော်ရထာ မင်းဖြစ်သည်။
မြင်းမထိပေစာအရ (မင်းရှင်ပိုင်းခြား ၊ လူများတကာ ၊ မင်းမိန့်သာတည်း ၊ ရှေ့မှာတမူ ၊ သံတောင်ဟူ၏ ၊ တောင်မှာအတိ ၊ ကရင်ကြီးတည်း ၊ မင်းသားလှူထား ၊ နတ်များတကာ ၊ ဝေချမ်းပါ၏ ၊ မြောက်မှာတိကာ ၊ မြင်ဘိရွှေစေတီ ၊ ထူးမည် ရုတ်ဆီဆင်းဝါ၊ နော်ရထာမင်းစော ၊ ကောင်းမှုတည်၊ ) ဟု သမိုင်းမှတ်တမ်းတင်ထားသည်။
အနော်ရထာမင်းစော (မြန်မာသက္ကရာဇ် -၃၇၉-၄၂၁ သည် ) ညောင်ရွှေ - အင်းတိန်သို့ ရောက်ရှိခဲ့ကြောင်း ဟံသာဝတီ ဦးဘရင် ရေး (အနော်ရထာ) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။ (ကောဇာ သက္ကရာဇ် ၄၁၆ ခုနှစ်မှာ ၊ အနော်ရထာမင်းစောသည် ညောင်ရွှေ အင်းတိန်၌ ပေါရိသတ်ဘုရားကို တည်၍ နေပြည်တော်သို့ အပြန်တွင် သီရိဓမ္မာ သောကမင်းကြီး တည်ခဲ့သော စေတီတော်တည်ရာဌာနသို့ ရောက်တော်မူလေ၏) ဟူ၍ ဖော်ပြထားပါသည်။
သာစည်မြို့နယ်ရှိ ရွှေယင်မျှော် (ရှေးအမည် မုတ္တော သို့မဟုတ် ရျွေမုဌော ) ဘုရားသမိုင်း၌ ပေါက်ကံရာဇာ အနော်ရထာသည် များစွာသော စစ်သည်ဗိုလ်ပါတို့နှင့် တိုင်းခွင်လှည့်လည်ရာ ညောင်ရွှေ- အင်းတိန်အရပ်၌ ပေါရိသတ် ဘုရားကို တည်ထားပြီးမှ ရှမ်းပြည်မှ အောက်ကျင်းသို့ သက်ဆင်း လှည့်လှည်ရောက်ခဲ့ကြောင်း သက်သေထူလျှက်ရှိပေသည်။ သို့ပါ၍ မြင်းမထိ လှိုင်ဂူုဘုရား၏ ကောင်းမှုရှင်မှာ သီရိဓမ္မာသောကမင်း၏ နောက်မှာ အနော်ရထာဖြစ်ပေတော့သည်။
ထင်ရှား လှဘိ မြင်းမထိ
ကလောမြို့၏ အရှေ့တောင် (၄)မိုင်ခန့် ၌ ရှိသော မြင်းမထိတောင်ကြီးမှာ ပတ်ဝန်ကျင်ဒေသ၌ အမြင့်မားဆုံးသော တောင်ဖြစ်သည်။ ပြည်တွင်း ပြည်ပ ခြေလျင်နှင့် တောင်တက်သမားများ စိတ်ဝင်စားစွာ တက်ရောက်လေ့ ရှိသည့် တောင်ဖြစ်သည်။ ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၃၁၅) ပေ အမြင့်တွင် ရှိ၍ မြင်းမထိတောင် သည် တောင်ခြေမှ (၁၀၇၅) ပေ အမြင့်တွင် တည်ရှိပေသည်။
ရှေးသူဟောင်းများ ပြောစမှတ်ပြုခဲ့သည်မှာ တောင်ဘက်နားရှိ ရွာကြီး တစ်ရွာ အနီးတွင် ချိုင့်ကြီးအတွင်း မှ မြင်းကြီးလေးကောင်ထွက်လာ၍ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို စားသောက် ပစ်ကြကြောင်း ၊ ခြောက်လှန့်၍လည်း မရသဖြင့် ပုဂံပြည်ရှင် အနော်ရထာမင်းထံ အကူအညီတောင်းကြရသည်။ မင်းကြီးသည် ကျန်စစ်သား ၊ ငထွေးရူး ၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူသော သူရဲကောင်းလေးဦးတို့အား စေလွှတ်လိုက်ရာ ၄င်းတို့သည် မြင်းကြီးများကို ရေသို့ ဆင်းအောင် ကြံ၍ ခုန်အုပ်ဖမ်းယူပြီး စီး၍ ရအောင် လေ့ကျင့်လျှက် ပုဂံနေပြည်တော်သို့ ယူဆောင်သွားခဲ့သည်။
မြင်းထွက်လာသော ရွာကို (မြင်းတွင်းရွာ) ဟုခေါ်သည်။ ယခုတိုင် ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ် အ၀င်ရှိ ဘီလူးချောင်းအနီးတွင် တည်ရှိပါသည်။ မြင်းများထွက် မပြေးနိုင်ရန် ၀ိုင်းဝန်း ဖမ်းသည့်နေရာကို (မြင်းဝန်း) ဟု ခေါ်တွင်ခဲ့ရာ ယခု ( အင်းဝန်း) ဟူ၍ မြင်းမထိရွာ၏ အရှေ့ဖက် တစ်မိုင်ကျော်ခန့်တွင် ရှိနေပါသည်။ မြင်းများကို ဖမ်းယူ၍ ခရီးထွက်ခဲ့ရာ အလွန်ကြီးမားသော တောင်ကြီးကို တွေ့၏၊ ကျန်စစ်သားသည် မြင်းကိုစီး၍ ထိုတောင်ကို ခုန်ကျော်၏။ တောင်ကို ကျော်၍ တစ်ဖက်သို့ ရောက်ရှိသဖြင့် ထိုတောင်ကို (မြင်းမထိတောင်) ဟု ခေါ်တွင်သည်။ ကျန်စစ်သားသည် မြင်းမြေသို့ခြေကျသည့် နေရာ၌ ခေတ္တနား၍ အနီးအနားတွင် တွေ့ရသော ရေတွင်းနားတွင် မြင်းကို လှန်၍ အစာစားစေ၏။ ထိုနေရာကို (မြင်းလှန်တောင်) ၊ ထိုရေတွင်းကို (မြင်းလှန်တွင်း) ဟု ယနေ့တိုင် ခေါ်တွင်လျက်ရှိသည်။ မြောက်ဘက်သို့ ဆက်လက်လာခဲ့ရာ တစ်နေရာတွင် မြင်းများ ခုန်မြူးသည်ကို အစွဲပြု၍ (မြင်းက) ရွာဟု ခေါ်တွင်ခဲ့သည်။ ယခု (မြင်းကရွာ) မှာ ကလောမြို့ အရှေ့မြောက် ယွန်းယွန်း နှစ်မိုင်ခွဲခန့်တွင် တည်ရှိနေပါသည်။ ဆင်တောင်၏အထက် မြင်းတိုက်ဘူတာ၏ မြောက်ဖက်တောင်ကုန်းတွင် (မြင်းစိုင်းကုန်း) တည်ရှိနေပါသည် ။
မှန်နန်းရာဝင်တော်ကြီး စာမျက်နှာ (၂၃၆) ၌ တစ်ရံရောအခါ လက်ထုတ်အရပ်၌ ကြိုးကနှင့်တကွ မြင်းလေးစီးသည် လူတို့ ဖမ်း၍ လုံးဝမရနိုင်၊ အရှင်လည်းမရှိဟု အနော်ရထာမင်းကြီးအား နားတော်လျှောက်၏၊ မင်းကြီးလည်း ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး ဤသူရဲကောင်းလေးယောက်တို့ကို ရအောင် ဖမ်းချေဟု စေတော်မူ၏ ။ သူရဲကောင်းလေးယောက်တို့သည် ခြံရဲလောင်းလုပ်၍ ရေသို့ချပြီးလျင် မြင်းလေးစီးလည်း ရေသို့ ကူးလေ၍ ကူးရာတွင် တက်၍ စီးကြလေ၏ မြင်းကို ရပြီးသော် ဆောင်၍ မင်းကြီးအား ဆက်လေ။ မင်းကြီးလည်း ယင်းမြင်းလေးစီးကို သင်တို့လေးယောက်မွေး၍ ငါ၏ အမှုတော်ကို ထမ်းဟု အပ်တော်မူလေ၏ ။ ထိုမြင်းလေးစီးတို့ကား နတ်မြင်းချည်းဖြစ်၍ အဖိုးအတိုင်းမသိ ထိုက်၏) ဟူ၍ သမိုင်းမှတ်တမ်း တင်ထားရာ မြင်းမထိ ၊ မြင်းဝန်း ၊ မြင်းက ၊ မြင်းစိုင်းကုန်း ၊ မြင်းလှန်တောင် စသည့် သမိုင်းကို မှန်ကန်ကြောင်း သက်သေပြလျှက်ရှိပေသည်။
မြင်းမထိလှိုင်ခေါင်းသွားရာ လမ်းကြောင်း
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကလော-အောင်ပန်း (၆)မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ကလောမှ (၄) မိုင် ၊ အောင်ပန်းမှ (၂) မိုင် အကွာ၌ ပင်လောင်း ၊ ဖယ်ခုံ ၊ လွိုင်ကော်သို့ သွားသည့် ကားလမ်း ရှိသည်။ လမ်းဆုံမှ ပင်လောင်းဖက်သို့ (၄) မိုင် ခန့်သွားလျင် ထင်ရှားတည်ရှိ - မြင်းမထိ သို့ ရောက်သည်။ ပင်လောင်းသို့ သွားသည့်လမ်း၏ အရှေ့ဖက် မြင်းမထိ ရွာ နှင့် တစ်ဆက်တည်း (၂) ဖာလုံခန့်ကွာဝေးသည့်နေရာတွင် ဂူများနှင့် လှိုင်ခေါင်းတည်ရှိရာ တောင်ကုန်းကို တွေ့ရသည်။ တောင်ကုန်း၏ မြောက်ဖက်ပိုင်းရှိ ဘုရားများကို ကားလမ်းမှပင် မြင်တွေ့ရသည်။ ရင်ပြင်၌ ဗုဒ္ဓ ရုပ်ပွားတော် ရှစ်ဆူနှင့် ဓမ္မာသောက မင်းတည်ခဲ့သော စေတီကို ဖူးတွေ့ရသည်။ ထိုစေတီ အနားရှိ တောင်ကုန်း၏ တောင်ဖက်ပိုင်းသို့ ရောက်အောင် သွားနိုင်သည့် သဘာဝ ကျောက်သား လှိုင်ခေါင်းကြီးသည် ရှေးနှစ်ပေါင်း ထောင်သောင်း မက အချိန်မှ စ၍ တည်ရှိနေခဲ့သည်။ ကျောက်စက်ပန်းဆွဲများ ရှိလျှက် ကျောက်စက်ရေများ အစဉ်ကျလျှက် ရှိပါသည်။ သဘာဝ ရှုမောဖွယ် ၊ သဘာဝ အလှအပများကို တွေ့မြင်ရပါသည်။ သဘာဝ ရှုမောဖွယ် ၊ သဘာဝ အလှအပများကို တွေ့မြင်ရပါသည်။ လှိုင်ခေါင်း၏ အလျားမှာ (၁၀၂၈) ပေ ရှိ၍ ဘေးတစ်ဘက် တစ်ချက်၌ လှိုင်ဂူများ တည်ရှိနေပါသည်။ လှိုင်ခေါင်းထဲသို့ ယခင်က ရေ၀င်သဖြင့် (ရေ၀င်ဂူ) ဟုခေါ်တွင်သည်။ အထဲသို့ ၀င်သော ရေမှာ ဂူထဲရှိ ထူးပေါက် တစ်ခုထဲသို့ စီးဝင် ငုတ်လျိုးပျောက်ကွယ်သွားသည်။ လှိုင်ခေါင်းထဲတွင် ဥုံနလုံရှင် ရုပ်ပွားတော်နှင့် စေတီများရှိသည်။ တောင်ကုန်း၏ တောင်ဖက်ပိုင်းအရောက်တွင် ထွက်ပေါက် ရှိသည်။ ထိုထွက်ပေါက် တစ်ဝိုက်၌ ရှေးဟောင်းရုပ်ပွားတော် (၂၈) ဆူ နှင့် စေတီများကို ဖူးတွေ့ရသည်။ ရှေးနှစ်ပေါင်း (၂၃၀၀) ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့သည့် စေတီများ ၊ ရုပ်ပွားတော်များဖြစ်၍ လက်ရာများမှာ ဆန်းပြားနေပေသည်။
(၂၉-၅-၁၉၉၆) နေ့မှစ၍ မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဦးဆောင်လျက် ပြုပြင်မွမ်းမံတည်ဆောက်မှုများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လှိုင်ခေါင်းအတွင်း သွားလာရန် လမ်းခင်းခြင်း ၊ ရေ၀ပ်သည့် နေရာများ၌ သံလှေကားများတပ်ဆင်ခြင်း ၊ ရုပ်ပွားတော်များ ၊ စေတီတော်များ တွင်ရွှေသင်္ကန်းကပ်လှူခြင်း ၊ လျှပ်စစ်မီးထွန်းပေးခြင်း ၊ တို့ကိုဆောင်ရွက်ထားပါသည်။ ဆက်လက်၍ ဘုရားကြည်ညိုရန် နေရာများ ဆင်းတုရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် နေရာထိုင်ခင်းများကို ဆောင်ရွက်လျက်ရှိသည် ။ ကြည်ညိုဖွယ်အတိ ၊ မြင်းမထိ လှိုင်ခေါင်း ဘုရားဖူးစေတီများလှိုင်ခေါင်း နှင့် လှိုင်ဂူများကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူ၊ လေ့လာသူ၊ နိုင်ငံခြားမှ ဧည့်သည်များ လာရောက်ကြ၍ စည်ကားလျက်ရှိပါတော့သည်။
နှစ်စဉ် နှစ်တိုင်း တန်ခူးနှစ်သစ် (၈) ရက် ၊ သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့များတွင် ဘုရားပွဲတော် ကျင်းပကြသည်။
ရှေးဟောင်းသုတေသန၏ အတည်ပြုချက်
မြင်းမထိ လှိုင်ခေါင်းအတွင်းရှိ မြေများကို တူးထုတ်ရာတွင် တွေ့ရှိရသော ကျိုးပြတ်နေသည့် ရုပ်ပွားတော်များ စုလစ်မွန်းချွန်းပါသော ရုပ်ပွားတော်နှင့် ရှေးဟောင်းအုတ်ချပ်တို့ကို ပုဂံ-ညောင်ဦးရှိ ရှေးဟောင်း သုတေသနသို့ ယူဆောင်၍ ပြသခဲ့ပါသည်။
စုလစ်မွန်းချွန်းပါရှိသော ရုပ်ပွားတော်မှာ (၁၈) ရာစု လက်ရာဖြစ်ကြောင်း ၊ ကျိုးပြတ်နေသော ရုပ်ပွားတော်များမှာ (၁၇) ရာစု ထက်စောသော လက်ရာများဖြစ်ကြောင်း အုတ်ချပ်မှာ ပုဂံခေတ်လက်ရာ တစ်နည်းအားဖြင့် အနော်ရထာမင်းတည်ခဲ့သော ဘုရားများမှ အုတ်ချပ်အတိုင်းဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့ပေသည်။
သို့ပါ၍ မြင်းမထိဂူရှိ ဘုရားနှင့် သာသနိက အဆောက်အအုံများမှာ လွန်ခဲ့သော (၉၀၀)ကျော် အနော်ရထာမင်း၏ ကောင်းမှု ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။
ကိုးကား( ဘုရားသမိုင်း မှတ်တမ်းပြုစုရေးအဖွဲ့၊ ကလောမြို့ မှ (၇- ၉-၁၉၉၆) ) ။
ရောက်ရင် ၀င်ဖူးနိုင်အောင်ပါ။ ထိုက်ထိုက်တန်တန် ဖူးမြော်ခွင့်ရမှာပါ ။ ဘုရားပုံ ရှုခင်းပုံတွေပါ တင်ပေးမယ်နော် ။

No comments:
Post a Comment