22 May 2013

အနာဂတ်အမြောက်တပ်ဖွဲ့အလားလာ အပိုင်း(၁)



          ပြုစုတင်ပြသူ (ဗိုလ်မှူးကြီးဝင်းကိုကို)
          ၂၀၃၅ ခုနှစ်တွင် မြေပြင်ပစ်အမြောက်တပ်ဖွဲ့သည် မည်ကဲ့သို့ရှိနေမည်။ ကျွန်ုပ်တို့၏ လက်နက်စနစ်များမှာ မည်ကဲ့သို့ ရှိနေမည်။ မည်သည့်လက်နက်များဖြစ်သည်။ ကျွန်ုပ်တို့၏အမြောက်တပ်ရင်းများကို မည်သို့ဖွဲ့စည်းရမယ်။ တပ်မဟာ၊ တပ်မ၊ တပ်မကြီးများကို မည်သို့ဖွဲ့စည်းရမည်။ မည်သည့်အခြေခံသဘောတရားများကို လက်ကိုင်းထား တိုက်ခိုက်ရမည်။ အမြောက်စစ်သည်နှင့်အရာရှိများကို မည်ကဲ့သို့ လေ့ကျင့်မည် စသည့်အချက်များမှာ တပ်မတော်အား ခေတ်မီဖွဲ့စည်းခြင်းနှင့် အမြောက်တပ်ဖွဲ့အား ခေတ်မီအောင် တည်ဆောက်ရာတွင် စဉ်းစားရမည့် မေးခွန်းများဖြစ်သည်။

အမြောက်တပ်ဖွဲ့အလားအလာ
          ၁၉၈၀ ခုနှစ်များအစောပိုင်းတွင် အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို အသုံးပြုလာကြသည့်အတွက် အမြောက်တပ်ဖွဲ့ကို တစ်ခေတ်ဆန်းစေခဲ့ပါသည်။ ဒုံးကျည်နှင့်အတွဲလိုက် ဒုံးကျည်များသည် နှစ်ပေါင်းရာချီကတည်းကပင် ပေါ်ပေါက်ခဲ့လင့်ကစား အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်မှာ အနာဂတ်စစ်ပွဲများတွင် အမြောက်နှင့်ပူးပေါင်းစစ်ဆင်ရေးတို့၏ ပုံသဏ္ဍာန်ကို ပြောင်းလဲသွားစေမည်ဖြစ်ပါသည်။ အချက်အလက်များတွက်ထုတ်ရန်နှင့်တည်နေရာရှာဖွေရန် ကိရိယာများ အပါအ၀င် ပစ်ခတ်ရန်အတွက် လိုအပ်သည့်အရာများအားလုံးကို အတွဲလိုက်ပစ်ဒုံးယာဉ်ပေါ်တွင် တပ်ဆင်ပေးထား ပါသည်။ ၎င်းတွင်တပ်ဆင်ထားသော ကိရိယာများသည် လျှပ်စစ်နည်းပညာအားဖြင့် မိမိ၏တည်နေရာနှင့် ပစ်ခတ်ရမည့်အရပ်မျက်နှာကို ရှာဖွေပေးနိုင်ပါသည်။ ထို့ကြောင့် အခြားပြင်ပမှ အကူအညီယူရန် မလိုအပ်ဘဲ မိမိဘာသာတည်နေရာ ရှာဖွေဖော်ထုတ်ခြင်း၊ ပစ်ခတ်ရမည့်အရပ်မျက်နှာ ရှာဖွေချိန်တွယ်ခြင်း၊ အချက်အလက် တွက်ထုတ်ခြင်း၊ ပစ်ခတ်ခြင်းတို့ကို အလွန်လျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။ ထိုအတွဲလိုက် ဒုံးပစ်လောင်ချာစနစ်မှာ ယာဉ်တစ်စီးတည်းဖြင့်ပင် အမြောက်တပ်ခွဲတစ်ခွဲစာမှ ဆောင်ရွက်ပေးရမည့် နည်းပညာဆိုင်ရာ ပစ်ခတ်မှုထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ ယင်းဒုံးပစ်လောင်ချာယာဉ်များသည် ဒုံးကျည် ၁၂ စင်းတပ်ဆင်ထားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အဆိုပါ ဒုံးကျည် ၁၂ စင်းလုံးကို ပစ်ခတ်နိုင်စွမ်းရှိပါသည်။ ဒုံးကျည်ပစ်ခတ်နိုင်သော အကွာအဝေးမှာ သမားရိုးကျအမြောက်များကဲ့သို့ပင် ၃၀ ကီလိုမီတာအထက် ပစ်ခတ်နိုင်သော်လည်း ၎င်း၏ထိပ်ဖူးတွင် ပိုမိုကောင်းမွန်အောင် မွမ်းမံထားသော ကျည်ငယ်များထည့်သွင်းသဖြင့် အချိန်တိုအတွင်းမှာပင် ကျယ်ပြန့်သော ဧရိယာအတွင်းသို့ လိုအပ်သည့်ထိရောက်မှုရရှိအောင် ပစ်ခတ်နိုင်ပါသည်။
          အတွဲလိုက်ဒုံးပစ်လောင်ချာကို ထုတ်လုပ်ပြီးသည်နှင့် ၎င်းနှင့်ပစ်ခတ်သည့် ဒုံးကျည်များကိုလည်း ပိုမိုကောင်းမွန်အောင် တီထွင်ထုတ်လုပ်လာခဲ့ကြပါသည်။ ကြည်းတပ်သုံး နည်းဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS)ကို အသုံးပြုလျှင် အထက်ပါလောင်ချာအတွင်းမှာပင် ထည့်သွင်းပစ်ခတ်နိုင်ပြီး အကွာအဝေးအားဖြင့် ၅၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါသည်။ ထိပ်ဖူးတွင်လည်း စွမ်းအားကောင်းသော ကျည်ငယ်များ ထည့်သွင်း ပစ်ခတ်နိုင်ပါသည်။ ထို့အတွက်ကြောင့် ယခုအခါ အတွဲလိုက်ဒုံးပစ်လောင်ချာများဖြင့် စစ်ပွဲများကို ထုဖြင့် စစ်ဆင်နိုင်စွမ်း ရှိလာပါသည်။
          ထို့အပြင် ယင်းအတွဲလိုက်ဒုံးပစ်လောင်ချာစနစ်အတွက် ဒုံးကျည်နှစ်မျိုးကို ဆက်လက်၍ သုတေသနပြု ထုတ်လုပ်ခဲ့ကြရာတွင် ပဲထိန်းစနစ်မပါသော တစ်မျိုးမှာ ၄၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ပဲထိန်းစနစ်ပါသည့် ကျန်တစ်မျိုးမှာ ၇၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါသည်။ ယင်းပဲထိန်းစနစ်တွင် ကမ္ဘာလုံးဆိုင်ရာ တည်နေရာရှာဖွေရေး စနစ်(GPS) ကို အသုံးပြုထားပါသည်။ ၎င်းဒုံးကျည်ကို အကွာအဝေးအားဖြင့် ၄၅၊ ၇၀၊ ၁၂၀၊ ၁၅၀ ကီလိုမီတာ စသည်ဖြင့် အမျိုးမျိုးပစ်ခတ်နိုင်ပါသည်။ ယင်းသို့ အကွာအဝေး အမျိုးမျိုးဖြင့် ဝေးဝေးပစ်ခတ်နိုင်သည့်အတွက် မြေပြင်တပ်မှူးသည် စစ်မြေပြင်ကို မိမိလိုလားသည့်အတိုင်း ပုံစံချလာနိုင်ပါသည်။
          မကြာမီကာလတွင် တွန်းယမ်းအရည် သို့မဟုတ် ယမ်းတစ်မျိုးတည်းကို အသုံးပြုသော အမြောက်များ အသုံးပြုလာနိုင်ချေ ပို၍ရှိလာနိုင်ပါသည်။ စမ်းသပ်ပြီးသောအနေအထားတွင် ယမ်းအရည်ကို အသုံးပြုသည့် အမြောက်များမှာ အသုံးပြုရန် ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။ ယမ်းအရည်ကိုအသုံးပြုပြီး လျှင်မြန်စွာဖြင့် အကွာအဝေးများကို စမ်းသပ်ပစ်ခတ်နိုင်မည်ဖြစ်သည်။ စမ်းသပ်ခဲ့ရာတွင် ကီလိုမီတာ ၄၀ ကျော်အထိ ပစ်ခတ်နိုင်ကြောင်း တွေ့ရပါသည်။
          ထို့အပြင် အဆင့်မြင့်သော အမြောက်များမှာလည်း အလွန်လျင်မြန်သော အလိုအလျောက်စနစ်များကို အသုံးပြုလာနိုင်ကြသည့်အတွက် မတူညီသောယမ်းအားနှင့် ပစ်ထောင့်များကို ပြောင်းလဲအသုံးပြုပြီး ပစ်မှတ်တစ်ခုပေါ်သို့ တစ်ချိန်တည်းမှာပင် ကျည် ၆ တောင့်ကျရောက်ပေါက်ကွဲအောင် ပစ်ခတ်နိုင်ပါသည်။ ထို့အတွက်ကြောင့် ယခင်အမြောက်များထက် ထိရောက်မှု ၆ ဆ တိုးလာပါသည်။ အမြောက်တစ်လက်တည်းဖြင့် ယခင် သမားရိုးကျအမြောက် ၆ လက်စာ ပစ်ခတ်နိုင်စွမ်းရှိလာကြပါသည်။
          ယမ်းအားတစ်မျိုးတည်း အသုံးပြုသော အမြောက်များမှာ အကွာအဝေးအမျိုးမျိုးကို ယမ်းအားတစ်မျိုးတည်းဖြင့် ပစ်ခတ်နိုင်ပါသည်။ ယမ်းအား ပြောင်းလဲအသုံးပြုရန် မလိုအပ်သဖြင့် အလျင်အမြန် ကျည်ထိုးပစ်ခတ်ရာတွင် ပိုမိုလွယ်ကူလာပါသည်။ ထိုအမြောက်ဖြင့် စမ်းသပ်ပစ်ခတ်ရာတွင် ပစ်နှုန်းမှာ အံ့သြဖွယ်ရာပင် လျင်မြန်ကြောင်း တွေ့ရပါသည်။ ငါးစက္ကန့်လျင် တစ်ထောင့်နှုန်းပစ်ခတ်နိုင်သဖြင့် သမားရိုးကျ M-109 ဟောင်ဝစ်ဇာ၏ အမြန်ဆုံးပစ်နှုန်းထက် နှစ်ဆမြန်ကြောင်း တွေ့ရပါသည်။
          အနာဂတ်အမြောက်လက်နက်စနစ်များအတွက် ကျည်နှင့်ခဲယမ်းများသည်လည်း လက်ရှိအသုံးပြုနေသော အမြောက်ခဲယမ်းနှင့် ကျည်များထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ICM (Improved Conventional Munitions) ကျည်များသည် ခွင်းကျည်ငယ်များကို မြေပြင်ပေါ်သို့ ဖြန့်ကြဲရာတွင် ဧရိယာပိုမိုကျယ်ပြန့်စွာဖြင့် ကြဲချနိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းကျည်ဖြင့်ပစ်နိုင်သော တင့်ဖျက်ကျည်များမှာလည်း ပိုမိုထိရောက်မှုရှိလာမည်ဖြစ်ပါသည်။ Copperhead ကဲ့သို့သော ကျည်များမှာလည်း ပစ်မှတ်တစ်ခုအား တိုက်ခိုက်ရာတွင် ပိုမိုတိကျလာပြီး ပိုမိုသေကြေစေနိုင်လာမည် ဖြစ်ပါသည်။ အနာဂတ်အမြောက်ကျည်များသည် တိကျမှုနှင့် သေကြေနိုင်စွမ်းပိုမိုလာပြီး ထိရောက်မှုဧရိယာ ပိုမိုကျယ်ပြန့် လာမည်ဖြစ်ပါသည်။ SADARM ကျည်များသည်လည်း အာရုံခံကိရိယာပါသော ကျည်ငယ်များကို ဖြန့်ပစ်လိုက်ပြီး ပစ်မှတ်တစ်ခုချင်းစီအား သွားရောက်ထိမှန်နိုင်စေမည် ဖြစ်ပါသည်။ ကျည်သွားလမ်းအဆုံးပိုင်းတွင် လမ်းညွှန်စနစ် အသုံးပြုသည့် TGW (Terminal Guided Warhead) နည်းပညာမှာလည်း အလွန်စွမ်းရည်ထက်မြက်ပြီး မကြာမီတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ တင့်ဖျက်ကျည်များကိုလည်း အတွဲလိုက်ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်သည့် ထိပ်ဖူးများတွင် ထည့်သွင်းအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ယင်းကျည်များသည် တင့်ကားများကို ရှာဖွေဖျက်ဆီးနိုင်သည်သာမက ပစ်မှတ်အုပ်စုအတွင်းမှာ ပစ်မှတ်တစ်ခုကို ကျည်ငယ်တစ်ထောင့်ထက်ပို၍ ပစ်ခတ်ရန်လိုအပ်တော့မည် မဟုတ်ပါ။ လက်ရှိ တီထွင်ထုတ်လုပ်လျက်ရှိသော အမြောက်များမှာ ပိုမိုထိရောက်စွမ်းအားကောင်းသော ကျည်များဖြင့် ပို၍ မြန်မြန်နှင့် ဝေးဝေးပစ်နိုင်လင့်ကစား အံ့သြဖွယ်အကောင်းဆုံး ပြောင်းလဲမှုမှာ ၎င်းအမြောက်များကို မည်သို့အသုံးပြုသည်ဆိုသည့် နည်းလမ်းအပေါ်တွင် မူတည်မည်ဖြစ်ပါသည်။
          လက်ရှိအသုံးပြုနေသော အမြောက်ပစ်ကူပေးနည်းစနစ်မှာ ရှေ့တန်းအကဲကြည့်မှ ပစ်ခတ်မှုထိန်းသိမ်းရေးဌာနသို့ ပစ်မိန့်တောင်းခံရပါသည်။ ပစ်ခတ်မှုထိန်းသိမ်းရေးဌာနမှ အချက်အလက်များကို တွက်ချက်ပြီး အမြောက်သို့ ပေးပို့ရပါသည်။ ထို့နောက် အမြောက်မှပစ်ခတ်ရပါသည်။ ယခုအချိန်၌ အမြောက်များတွင် မိမိဘာသာ အချက်အလက် တွက်ထုတ်သည့်စနစ်၊ မိမိအမြောက်တည်နေရာကို တိကျစွာ ဖော်ထုတ်ပေးနိုင်သည့် နေရာရှာကိရိယာများ တပ်ဆင်လာကြပြီး ဖြစ်ပါသည်။ ပိုမိုစွမ်းအားကောင်းသော ကျည်များကို အသုံးပြုပြီး ပိုမိုလျင်မြန်သည့် ပစ်ခတ်နှုန်းဖြင့် ပစ်ခတ်လာနိုင်ပြီဖြစ်ရာ အနာဂတ်အမြောက်တစ်လက်သည် လက်ရှိအသုံးပြုနေသော အမြောက်တပ်ခွဲတစ်ခွဲစာနှင့် ညီမျှသော ပစ်ကူကိုပေးစွမ်းလာနိုင်မည်ဖြစ်သည်။ အဓိပ္ပါယ်မှာ ရှေ့တန်းအကဲကြည့်သည့် အမြောက်တစ်လက်ချင်းဆီသို့ တိုက်ရိုက်ပစ်မိန့်တောင်း ပစ်ခတ်နိုင်ခြင်းပင် ဖြစ်ပါသည်။ အမြောက်တပ်ခွဲ သို့မဟုတ် တပ်ရင်းအဆင့်မှ ပစ်ခတ်မှုကို စောင့်ကြပ်ပြီး လိုအပ်သည့်အခါတွင် ပြင်ဆင်တားဆီးမှုများ ပြုလုပ်မည်ဖြစ်သော်လည်း အမြောက်များအနေဖြင့် အကဲကြည့်မှ တိုက်ရိုက်တောင်းခံသည့် ပစ်မိန့်အတိုင်း ပစ်ကူပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အကဲကြည့်နှင့် အမြောက်လည်း တိုက်ရိုက်ဆက်သွယ်ဆက်စပ်နေပေမည်။
          နည်းဗျူဟာပိုင်းအသုံးပြုပုံများမှာလည်း ပြောင်းလဲလာမည်ဖြစ်ပါသည်။ အမြောက်များမှာ ပိုမိုစွမ်းဆောင်လာနိုင်သည်ဖြစ်ရာ ပိုမိုအရေးကြီးတန်ဖိုးရှိသော ပစ်မှတ်များအဖြစ်လည်း ရောက်ရှိလာပါသည်။ အမြောက်များသည် အဆများပိုမိုမြန်ဆန်စွာဖြင့် ပစ်ခတ်နိုင်ပြီး၊ ပိုမိုတိကျစွာဖြင့် ပိုမိုဝေးဝေး ပစ်ခတ်လာနိုင်သဖြင့် ရန်သူ/ မိမိနှစ်ဖက်စလုံးအတွက် ပိုမိုအရေးပါလာကြပါသည်။ ရန်သူသည် မိမိအမြောက်နေရာကို ရှာဖွေပြီး အမြောက်စနစ်များကို ဖျက်ဆီးပစ်ရန် ကြိုးစားလာကြပါသည်။ ရန်သူ၏ ဖျက်ဆီးမှုဒဏ်မှလွတ်ရန် မိမိအမြောက် တပ်ခွဲများသည်လည်း အမြောက်စခန်းများအား လျင်မြန်စွာ ရွှေ့ပြောင်းဖုံးကွယ်ထားကြရပါမည်။ အမြောက်ဖြင့် ပစ်ခတ်ပြီး အလျင်အမြန် နေရာ ရွှေ့ပြောင်းသည့် နည်းဗျူဟာမှာလည်း အသစ်အဆန်းမဟုတ်တော့ပါ။ မိမိအမြောက်များကို တိုက်ခိုက်မခံရရေးအတွက် နေရာရွှေ့ပြောင်းပစ်ခတ်ရန် လိုအပ်ပါသည်။ အဆိုပါနည်းဗျူဟာကို ယခင်က ကျင့်သုံးရာတွင် ပြဿနာမှာ ရွှေ့ပြောင်းသွားလာနေသည့်အချိန်တွင် ပစ်ခတ်မှုမပြုလုပ်နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အမြောက်စခန်းနေရာဟောင်းမှ စခန်းသစ်နေရာသို့ ရွှေ့ပြောင်းရန်အတွက် အချိန်ကြာမြင့်ခြင်းပင် ဖြစ်သည်။
          ထိုသို့ `ပစ်ပြီးနေရာပြောင်း´သည့်နည်းဗျူဟာကို သုံးခြင်းအားဖြင့် ရန်သူချိန်းခြောက်မှုများသည် အခြေအနေတွင် နေရာရွှေ့ပြောင်းနေရသည့်အတွက် အမြောက်များ မပစ်ခတ်နိုင်ဖြစ်ခဲ့ရပါသည်။ ယင်းပြဿနာကို နည်းပညာ တိုးတက်လာမှုဖြင့် ဖြေရှင်းပေးလိုင်နိုင်ပါသည်။ အတွဲလိုက် ဒုံးပစ်လောင်ချာများကို အသုံးပြုလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပါသည်။ ယနေ့အတွဲလိုက် ဒုံးပစ်လောင်ချာများ၏ စိတ်ဝင်စားဖွယ်အရည်အသွေးမှာ ပစ်ခတ်ရန်အတွက် ယာဉ်ပေါ်တွင် နေရာယူအလုပ်လုပ်ရုံမျှသာလိုအပ်ပြီး အလိုအလျောက်ပစ်ခတ်နိုင်ခြင်းဖြစ်သည်။ ဒုံးယာဉ်မောင်းနှင် သွားလာစဉ်မှာပင် ပစ်မိန့်တောင်းခံလာပါက ပစ်ခတ်ပေးနိုင်ပါသည်။ ပစ်မိန့်တောင်းခံမှုကို လက်ခံရရှိသည့်အခါ ဒုံးယာဉ်ကိုရပ်တန့်လိုက်ပြီး မိမိတည်နေရာကို ကွန်ပျူတာဖြင့် တွက်ချက်ဖော်ထုတ်ယူပြီး လောင်ချာကို ပစ်ခတ်ရမည့်ဖက်သို့ ချိန်တွယ်ပေးမည်ဖြစ်သည်။ ပစ်ခတ်ရန်အချက်အလက်များကို ကွန်ပျူတာမှ တွက်ချက်ပေးပါသည်။ အမြောက်အဖွဲ့သားအနေဖြင့် ပေါက်ကွဲမှုအကာအကွယ် ပြူတင်းပေါက်မှန်များကို ချပြီးပစ်ခတ်မည်ဖြစ်ပါသည်။ ယင်းသို့တုံ့ပြန်ဆောင်ရွက်သည့်အချိန်ကို တိုင်းတာမှတ်သားကြည့်ရာတွင် တစ်မိနစ်မပြည့်မီမှာပင် ပစ်ခတ် နိုင်စွမ်းရှိကြောင်း တွေ့ရပါသည်။ အလားတူနည်းပညာများကိုလည်း အသုံးပြုလာကြပါသည်။ အမြောက်တည်ဆောက် မှုတွင် နည်းပညာပိုင်းမှာ အဓိကပါဝင်နေသဖြင့် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အမြောက်နည်းဗျူဟာ များမှာလည်း ပြောင်းလဲလာရပါသည်။ အမြောက်များ၏ အဖျက်စွမ်းရည်ကြီးမားသည့်အတွက်ကြောင့် ရန်သူသည် မိမိအမြောက်နေရာကို ရှာဖွေဖျက်ဆီးရန် ပိုမိုကြိုးပမ်းအားထုတ်လာမည်ဖြစ်ပါသည်။ မိမိအမြောက်များသည်လည်း အပြန်အလှန်အားဖြင့် တစ်ကြိမ်ပစ်ခတ်ပြီးတိုင်း ချက်ချင်းနေရာရွှေ့ပြောင်းရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အမြောက်ပစ်ကူသည် လှုပ်ရှားစစ်ကစားနေသည့် မိမိတိုက်ခိုက်ရေးတပ်များကို ဆိုးကျိုးဖြစ်စေမည်မဟုတ်ပေ။ အမြောက်များ ရွှေ့ပြောင်းလာနေစဉ်မှာပင် ပစ်ကူတောင်းခံလာပါက လျင်မြန်တိကျစွာ တုန့်ပြန်ပစ်ခတ် ပေးနိုင်စွမ်းရှိပါသည်။
          သမားရိုးကျအားဖြင့် ခြေလျင်စစ်ဗျူဟာတစ်ခုကို အမြောက်တပ်ရင်းတစ်ရင်းဖြင့် ပစ်ကူပေးလေ့ရှိပါသည်။ အနာဂတ်အမြောက်တပ်ခွဲအဆင့်သည် ယခင်အမြောက်တပ်ရင်းအဆင့် ပစ်အားကို ရရှိလာပါမည်။ အကွာအဝေးများများ ပစ်ခတ်လာနိုင်သည့်အတွက် အထွေထွေအကူပစ်ခတ်မှုသည် စံပြုဖြစ်လာနိုင်ပါသည်။ တိုက်ရိုက်အကူရည်မှန်းချက် တာဝန်အတွက် အနည်းဆုံးလိုအပ်မည့်အမြောက်အရေအတွက်အား သတ်မှတ်ခြင်းအားဖြင့် မြေပြင်တပ်မှူးးသည် ကျန်အမြောက်များဖြင့် စစ်မြေပြင်၏အခြေအနေကို ပြောင်းလဲရန် သို့မဟုတ် စစ်ပွဲကိုပိုမိုနက်ရှိုင်းစွာ စစ်ဆင်နိုင်မည် ဖြစ်ပါသည်။
          ဖြစ်စဉ်အားလုံးကိုကြည့်လျှင် အမြောက်တပ်ရင်းတစ်ရင်းသည် ပစ်ကူပေးတာဝန်ထမ်းဆောင်ရာတွင် အမြောက်တပ်ခွဲများကို အခြေခံအဖြစ် အသုံးပြုကြပါသည်။ တပ်ခွဲ၏လုပ်ငန်းအများအပြားကို အမြောက်တစ်လက်စီမှ ဆောင်ရွက်ရပါသည်။ ရှေ့တန်းအကဲကြည့်မှပေးပို့သော ပစ်မိန့်ကို ပစ်ခတ်မှုထိန်းသိမ်းရေးဌာနမှလက်ခံပြီး စက္ကန့်ပိုင်း အတွင်း အမြောက်များသို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ အမှန်တကယ် ပစ်ခတ်မှုထိန်းသိမ်းရေး လုပ်ငန်းများကို အမြောက်တစ်လက်ချင်းစီမှပင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမြောက်တပ်ခွဲအနေဖြင့် ၎င်းတာဝန်ယူထားသည့် နယ်မြေအတွင်းတွင် အမြောက်ပစ်ခတ်နှင့်ပတ်သက်၍ အာဏာပိုင်ဖြစ်လာပါမည်။ အမြောက်တပ်ရင်းအဆင့်အနေဖြင့် ကျန်တပ်များဖြင့် ပိုင်းဖြတ်ပစ်ခတ်မှုများ ဆောင်ရွက်နေမည်ဖြစ်ပြီး လိုအပ်သည့်အခါတွင်မှသာ တပ်ခွဲ၏ပစ်ခတ်မှုများကို ဟန့်တားကန့်ကွက်မည်ဖြစ်သည်။
          အနာဂတ်အမြောက်များနှင့် အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်များကို အသုံးပြုခြင်းအားဖြင့် မြေပြင်တိုက်ခိုက် ရေးမှူးများအနေဖြင့် တိုက်ပွဲကိုနက်ရှိုင်းစွာ စစ်ဆင်လာနိုင်မည်ဖြစ်ပါသည်။ မြေပြင်ပစ်အားများမှာ လေကြောင်းပစ်အားကို အစားထိုးနိုင်ခြင်းမရှိသော်လည်း ပိုမိုကြီးထွားလာနိုင်ပါသည်။ လေယာဉ်များကို ပစ်ခတ်နိုင်သည်အထိ မြင့်သောမြေ အနေအထားမျိုးတွင် အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်များကို နေရာချထားခြင်းဖြင့် လေကြောင်းမှ ခြိမ်းခြောက်မှုများကို လျော့နည်းသွားစေနိုင်ပါသည်။ အနီးကပ်ပစ်ကူနှင့် ပိုင်းဖြတ်တိုက်ခိုက်မှုမျိုးသာမက နက်ရှိုင်းစစ်ဆင်ရေးတွင်လည်း ရန်သူ၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကို စွမ်းအားနှိမ်ပစ်ခတ်ခြင်းများသည် ပုံမှန်ပစ်ခတ်ခြင်းမျိုး ဖြစ်လာပါလိမ့်မည်။ ယင်းသို့ ပစ်ခတ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရပါမည်။ ထို့ကြောင့် ပစ်ကူပေးတာဝန်ကို ထမ်းဆောင်သည့်အရာရှိအနေဖြင့် အနီးကပ်လေကြောင်း ပစ်ခတ်မှုနှင့် မြေပြင်ပစ်ခတ်မှုများအပြင် နက်ရှိုင်းစစ်မြေပြင်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် စီမံဆောင်ရွက်ရန်လိုအပ်လာပါသည်။
          စစ်မြေပြင်တွင် အမြောက်များကို အသုံးပြုသည့် မြေပြင်တပ်မှူးများအဖို့ စစ်ပွဲအားလိုအပ်သလို ဖန်တီးရန်အတွက် လက်နက်မျိုးစုံရရှိလာမည်ဖြစ်ပါသည်။ လက်နက်စနစ်မျိုးစုံကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်နက်စနစ်တစ်မျိုးကိုသာ အားထားနေရန်မလိုတော့ပေ။ မြေပြင်ပစ်အားနှင့် လေကြောင်းပစ်အားတို့ကို ပေါင်းစပ်အသုံးပြုနိုင်ခြင်းကြောင့် ရန်သူကိုထိရောက်စွာ တိုက်ခိုက်လာနိုင်မည်ဖြစ်ပါသည်။ ဟန်ချက်ညီ စစ်ကစားနိုင်ပြီး စစ်မြေပြင်ပေါ်ပေါက်လာသော အခွင့်အလမ်းများကို စတင်အသုံးပြုနိုင်စွမ်းကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်ပါသည်။ စစ်ဆင်ရေးတွင် ပိုမိုစွမ်းအားကောင်းမွန်လာသည့်အတွက် အနာဂတ်အမြောက်စနစ်များကို အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများကိုလည်း ထည့်သွင်းစဉ်းစားတည်ဆောက်လာရပါသည်။ တွန်းယမ်းအရည်နှင့် တစ်မျိုးတည်း အသုံးပြုနိုင်သော ယမ်းအားတို့မှာ အရွယ်အစားသေးငယ်လာပြီး အလဟဿဆုံးရှုံးမှုများလည်း လျော့နည်းလာပါသည်။ ခေတ်မီအဆင့်မြင့်အမြောက်များတွင် အသုံးပြုမည့် ခဲယမ်းများမှာ ယခင်က ၅ တန်ယာဉ်ဖြင့် သယ်ဆောင်နေခဲ့ရသည့် သမားရိုးကျခဲယမ်းများနေရာတွင် အစားထိုးဝင်ရောက်လာမည်ဖြစ်ပါသည်။ ယနေ့အချိန်တွင် တပ်ခွဲတစ်ခွဲအတွက် လိုအပ်သော အမြောက်ကျည်များကို သယ်ယူပို့ဆောင်ရန်အတွက် ကျည်သယ်ယာဉ်များ လိုအပ်နေသေးသော်လည်း အနာဂတ်အမြောက်တပ်ဖွဲ့တွင် ၎င်းကျည်သယ်ယာဉ်များသည် တပ်ရင်းတစ်ရင်းစာအတွက် တွန်းယမ်းအရည်များနှင့် ယမ်းအားတစ်မျိုးတည်း ပစ်ခတ်နိုင်သော ခဲယမ်းများကို သယ်ဆောင်နိုင်လာမည်ဖြစ်ပါသည်။
          အုပ်ချုပ်ထောက်ပံ့မှုတွင် အကျိုးသက်ရောက်နေသော အခြားအကြောင်းအချက်တစ်ခုမှာ ပစ်ခတ်ရန်အတွက် လိုအပ်သည့်ကျည်အရေအတွက်ပင် ဖြစ်ပါသည်။ ခေတ်မီခဲယမ်းများ၏ စွမ်းရည်မြင့်မားလာမှုကြောင့် စစ်မြေပြင်တွင် အသုံးပြုသော အမြောက်များအတွက် အုပ်ချုပ်ထောက်ပံ့မှုဝန်ထုပ်ဝန်ပိုးများစွာ လျော့နည်းသွားခဲ့ပါသည်။ ကိန်းဂဏန်းအားဖြင့် ဖော်ပြရလျှင် ရန်သူတပ်ခွဲတစ်ခွဲအား ဖျက်ဆီးတိုက်ခိုက်ရန်အတွက် ခွင်းကျည် ၃၀၀၀ တောင့် လိုအပ်ပါသည်။ ယင်းပစ်မှတ်ကိုပင် နှစ်မျိုးသုံးအဆင့်မြင့် သမားရိုးကျကျည် (DPICM)ဖြင့် ပစ်ခတ်မည်ဆိုပါက ကျည် ၃၀၀ တောင့်သာ လိုအပ်မည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျည်သယ်ယာဉ် ၅ တန်ယာဉ် ၃ စီးသာ လိုအပ်မည် ဖြစ်ပါသည်။ အကယ်၍ ယင်းပစ်မှတ်ကိုပင်တူညီသော ထိရောက်မှုရရှိရန်အတွက် ခွင်းကျည်ပစ်ခတ်မည်ဆိုပါက ကျည်သယ်ယာဉ် ၃၀ စီး လိုအပ်မည်ဖြစ်ပါသည်။ ထို့အတူ အာရုံခံတင့်ဖျက်ကျည် (SADARM) များ တီထွင်ထုတ်လုပ်လာနိုင်သည့်အတွက် ရန်သူတပ်ခွဲတစ်ခွဲကို ပစ်ခတ်တိုက်ခိုက်ရာတွင် ကျည် ၃၀ တောင့်သာလျင် လိုအပ်မည်ဖြစ်ရာ ကျည် ၃ ပုံ ၁ ပုံသာလျှင် ကျည်များ သယ်ဆောင်ရန် လိုအပ်ပါသည်။
အလားအလာ
          အမြောက်တပ်ဖွဲ့၏ အနာဂတ်အလားအလာမှ ပြောင်းလဲမှုများဖြင့် အကောင်းဖက်သို့ ဦးတည်နေကြောင်း တွေ့မြင်နိုင်ပါသည်။ စစ်မြေပြင်တွင် လိုအပ်သည့် ခဲယမ်းများနှင့်ပတ်သက်၍ အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ၀န်ထုပ်ဝန်ပိုးများ လျော့နည်းလာသည့်နည်းတူ ပစ်နှုန်းပိုမိုလျင်မြန်လာခြင်း၊ ကွာဝေးပိုမိုပစ်ခတ်လာနိုင်ခြင်း၊ ထိရောက်မှု ပိုမိုကောင်းလာခြင်း စသည့်တိုးတက်သည့် အခြေအနေများကို မြင်တွေ့နိုင်ပါသည်။ ယခင်အချိန်များထက် ရန်သူ့နောက်ပိုင်းနေရာများသို့ အမြောက်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပစ်ခတ်လာနိုင်ပါသည်။ ထို့ကြောင့် မြေပြင်တပ်ဖွဲ့များသည် ပိုမိုဖြန့်ချဲထားရန် လိုအပ်ပါသည်။ ထိုအခါ ယင်းသို့ဖြန့်ချဲထားသော ကြားကွက်လပ်နေရာများကို ပိုမိုထောက်လှမ်း ရှာဖွေရန် ပိုမိုလိုအပ်လာပါသည်။ စစ်မြေပြင်တွင် ရှင်သန်နိုင်စွမ်း ပိုမိုကောင်းလာစေရန်အတွက် နေရာတွင် အခြေစိုက်နေရာယူထားခြင်းထက် ပိုမိုရွှေ့ပြောင်းနိုင်စွမ်း ရှိလာကြပါသည်။ သို့သော် ယင်းသို့ရွှေ့ပြောင်းနေခြင်းဖြင့် လိုအပ်လာသည့်အခါတွင် အချိန်မီတိကျစွာ ပစ်ခတ်ပေးနိုင်ရန်အတွက် အနှောက်အယှက် တစ်ခုမဖြစ်ပါချေ။ နည်းပညာများကို အသုံးပြုလာသည့်အတွက် အမြောက်များ၏စွမ်းရည်မှာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် တိုးတက်လာကြောင်း တွေ့ရပါသည်။

လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အမြောက်ကျည်များ
          ယင်းသို့ နည်းပညာများတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အမြောက်များ၏ တည်ဆောက်ပုံမှာလည်း အဆင့်မြင့်တိုးတက်လာပြီး စွမ်းဆောင်နိုင်မှုများမှာ လိုက်ပါမြင့်မားလာသည်ကို တွေ့မြင်နိုင်ပါသည်။ တစ်ဖက်တွင်လည်း ယင်းသို့ နည်းပညာတိုးတက်လာသည့်အတွက် အခြားလက်နက်စနစ်များ တိုးတက်ပေါ်ပေါက်လာသည်မှန်သော်လည်း မြေပင်ပစ်အမြောက်များနေရာတွင် လုံးဝဥဿုံအစားထိုးနိုင်ခြင်း မရှိပါ။ ထို့အတူ နည်းပညာများ တိုးတက်လာသည့် အတွက် အနာဂတ်စစ်မြေပြင်တွင် အသုံးပြုမည့် တိုက်ခိုက်ရေးလက်နက်စနစ်များမှာလည်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ယင်းသို့ တိုးတက်လာသော လက်နက်စနစ်များကိုလည်းကောင်း၊ အသစ်တီထွင်ထုတ်လုပ်လာသော လက်နက်စနစ်များကိုသော်လည်းကောင်း၊ သီးခြားတစ်မျိုးတည်းအသုံးပြုရန်မှာ မဖြစ်နိုင်ပါ။ အနာဂတ်စစ်မြေပြင်အတွက် ပြောင်းလဲနေသည့် အမျိုးမျိုးသော လိုလားချက်များနှင့်ကိုက်ညီမည့် လက်နက်စနစ်များကို စစ်ဗျူဟာအခြေအနေပေါ်တွင် မူတည်ပြီး ပြောင်းလဲပေါင်းစပ်အသုံးပြုနေရမည်သာ ဖြစ်ပါသည်။ အနာဂတ်စစ်ပွဲများမှာ ပုံစံနှင့်နည်းဗျူဟာ၊ မဟာဗျူဟာများ ပြောင်းလဲလာသည်မှာ မှန်သော်လည်း မြေပြင်တပ်မှူးများအတွက် ပစ်အားမှာ လိုအပ်ချက်တစ်ခုအဖြစ် ဆက်လက်ရှိနေမည်သာ ဖြစ်ပါသည်။ ထို့အတူ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အမြောက်များကိုလည်း ဆက်လက်အသုံးပြုနေကြမည်သာ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ယခင်က ကျည်သွားလမ်းကြောင်းကို ပြင်ဆင်နိုင်စွမ်း မရှိခဲ့သဖြင့် အကွာအဝေးပိုရောက်လေ လွဲမှားမှုပိုများလေ ဖြစ်ခဲ့ရပါသည်။
          ယခုအမြောက်လက်နက်စနစ်သစ်များတွင် မြေပြင်တိုက်ခိုက်ရေးဒုံးကျည်များ၊ ပဲ့ထိန်းစနစ်ပါ ဒုံးကျည်များ၊ ကျည်သွားလမ်းကြောင်းအား ပြင်ဆင်ထိန်းကြောင်းပေးသော စနစ်များပါဝင်လာပြီး ၁၀၀ ကီလိုမီတာကျော်အထိ ပစ်ခတ်နိုင်လာပြီး မည်သည့်အကွာအဝေးတွင်မဆို တိကျမှုမှာလည်း ၁၀ ကီလိုမီတာအထိ တိုးတက်လာခဲ့ပါသည်။ ခေတ်သစ်စစ်ပွဲတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်သုံးလက်နက်များမှာလည်း ပိုမိုပေါင်းစပ်အသုံးပြုလာကြပြီး လိုအပ်သည့် ထိရောက်မှုရရှိရန်အတွက် အသင့်လျော်ဆုံးသောစွမ်းရည်များ ပေးစွမ်းနိုင်လာကြပါသည်။ သမားရိုးကျအားဖြင့် အလျင်အမြန် တပ်ဖြန့်စစ်ဆင်ရန်အတွက် လေကြောင်းစွမ်းအားကို အသုံးပြုခဲ့ရပါသည်။ မြေပြင်တပ်များမှာ လက်ရှိအမြောက်များ လက်လှမ်းမမီသော အကွာအဝေးသို့နက်ရှိုင်းစွာ စစ်ဆင်ရန်အတွက် လေကြောင်းထောက်ပံ့မှုကိုသာ အားကိုခဲ့ကြရပါသည်။ ယခုအခါ တာတိုပစ်ဒုံးကျည်များ၊ ကွာဝေးမြင့်ဒုံးကျည်များ၊ မြေပြင်အခြေစိုက်တိကျစွာ ပစ်ခတ်နိုင်သော ဒုံးလက်နက်များဖြင့် တပ်မနှင့်တပ်မကြီးအဆင့် တိုက်ပွဲများတွင် လုံလောက်စွာ အသုံးပြုပစ်ခတ်လာနိုင်ကြောင်း တွေ့ရပါသည်။
          အဓိကအကြောင်းတရားတစ်ခုမှာ အမြောက်လက်နက်ဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းပင် ဖြစ်ပါသည်။ ခေတ်မီသမားရိုးကျတပ်ဖွဲ့များ၏ လိုအပ်ချက်များမှာ ပြောင်းလဲများပြားလာသည်နှင့် လိုက်လျော ညီထွေဖြစ်အောင် အမြောက်လက်နက်စနစ်များသည်လည်း တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ တစ်ဟုန်ထိုးစစ်ဆင်ရေး တပ်ဖွဲ့များနှင့် လိုက်ပါပြီး ပစ်ကူပေးနိုင်ရန်အတွက် အမြောက်စနစ်များမှာလည်း လှုပ်ရှားရွှေ့ပြောင်းနိုင်စွမ်း ကောင်းမွန်လာကြပါသည်။ စစ်မြေပြင်တွင် မိမိဘာသာရွှေ့ပြောင်းနေရာယူနိုင်စွမ်း ရှိသကဲ့သို့ ရဟတ်ယာဉ်၊ လေယာဉ်များနှင့် သယ်ယူရွှေ့ပြောင်းနိုင်လောက်အောင်ပင် အလေးချိန်လျော့နည်းပြီး ပေါ့ပါးလာကြပါသည်။ လိုအပ်သည့် ဖျက်ဆီးနိုင်စွမ်း လုံလောက်စွာပေးနိုင်ရန်အတွက် အမြောက်ခဲယမ်းများ၏ ဖျက်ဆီးနိုင်စွမ်းများမှာလည်း မြင့်မားလာကြပါသည်။ စစ်မြေပြင်တပ်မှူးတစ်ဦးလိုအပ်သော ထိရောက်မှုအမျိုးမျိုးကို ပေးစွမ်းနိုင်သည့် ကျည် ခဲယမ်းအမျိုးမျိုး ထုတ်လုပ်လာကြပါသည်။ အမြောက်လက်နက်စနစ်များမှာ ဟောင်းနွမ်းသွားသည်ဟု ဆိုရလောက်အောင် ရပ်တန့်နေခြင်းမရှိဘဲ ခေတ်သစ်တပ်မတော်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်လောက်အောင် ဆက်လက်ဖြစ်ထွန်းတိုးတက်လျက်ရှိသည်ကို တွေ့နိုင်ကြောင်း နိဂုံးချုပ် ဖော်ပြအပ်ပါသည်။

ရည်ရွယ်ချက်
1.    Donald H, Rumsfeld, Secretary of Defense, US, “Annual Report to the President and the Congress”, 2004 p.73.
2.    Major General David C. Rslstion, Chief of Field Artillery, “Modularity Update: Transformation the FA”, Field Artillery Joint Magazine, March-April 2006.
3.    “Israell Systems Extend theREach of Rocket Artillery” Defense Update: International Online Defense Magazine, 2006 Issue 2.

No comments:

Post a Comment