သွေးဆေးကန်
***************
***************
ကျွန်တော်တို့ ကျောင်းသားဘ၀ (၁၉၈၉၊၉၀၊ ၉၁) ဇူလိုင် ၁၉ ရက်နေ့တိုင်း
ကျဆုံးလေပြီးသော အာဇာနည်များကို သွားရောက် ဂါရ၀ ပြုကြသည့် အခါတိုင်း ရွှေတိဂုံ
ဘုရားမြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကိုလည်း သွားရောက် ဂါရ၀ပြုကြသည်။ ရွှေတိဂုံဘုရား
မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို ရန်ကုန်နေသူ တော်တော်များများ ရောက်ဖူး
ကြပါလိမ့်မည်။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသိသူများရှိသည့်အတွက်
သွေးဆေးကန်လို့ ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်းကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄၀၀၀ ကျော်က ခုခံတိုက်ခိုက်သော်လည်း လူအင်အားမမျှခြင်း၊ လက်နက်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က အလစ်ဝင်ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာနိုင်ခြင်း၊ ခဲယမ်းမီးကျောက်များ ကုန်သွားခြင်းတို့ကြောင့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ ခံတပ်ဟာ ကျ ဆုံးခဲ့ရပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်းကြောင်း၊
ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို့ရဲ့ ရှေ့ပြေးခံတပ်
ဒလခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို
စတင်ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး
ရွှေတိဂုံကုန်တော်ကို ထိုးစစ်ဆင်ရန် အပြင်းချီတက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ
သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် နှစ် ဖက်စလုံး
အကျအဆုံးများစွာ ရှိခဲ့ကြသည်။ နှစ်ဖက်လုံးမှ စစ်သည်များသည် ဘီလူးသမျှ
တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့သည်။
မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအ၀င်
တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ ဧပြီလ
၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ်ပေးခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့
နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။
စစ်ဦးတွင်အောင်ပွဲရနေသော
အင်္ဂလိပ်စစ်တပ်သည် ဧပြီလ ၁၄ ရက်နေ့တွင်ပင် ရွှေတိဂုံကုန်းတော်ခံတပ်ကို အတင်းဝင်ရောက်
တိုက်ခိုက်ကြသည် ခံတပ်ရှိမြန်မာများက အသေခံ ဓါးနဲ့ဝင်ခုတ်သဖြင့် ထိုနေ့တစ်နေ့ထဲတွင်
အင်္ဂလိပ် စစ်သည် ၂၀၀ ကျော် ကျဆုံးခဲ့သည်။ ရွှေတိဂုံကုန်းတော်ခံတပ်တိုက်ပွဲတွင်
ဓါးဖြင့် အနီးကပ်ဝင်ပိုင်းရသဖြင့် အင်္ဂလိပ်တို့၏ သွေးများက မြန်မာစစ်သည်များ၏
လက်များတွင် စေးကပ်နေကြသည်။ ထိုသို့စေးကပ်နေသခြင့် ဓါးကိုခွာရာမရသဖြင့်
ထိုသွေးများကို ရွှေတိဂုံဘုရားမြောက်ဖက်ရှိ ကန်တွင် ရေဆေးချကြသည်။ သွေးများက
ဓါးကိုင်ထားသည့်လက်တွင် စေးကပ်နေသဖြင့် တော်တော်လေးကို ကွာအောင် ဆေးကြောကြရသဖြင့်
ထိုကန်ကို မြန်မာစစ်သည်များက သွေးဆေးကန်ဟု အမည်ပေးခဲ့ကြသည်။
၁၈၅၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်
စစ်ကူများမရောက်လာခြင်း၊ လက်နက်အင်အားမမျှခြင်း (အင်္ဂလိပ်မှ သေနတ်ဖြင့် ပစ်ချက်ကို
မြန်မာက ဓါးဖြင့် တက်ခုတ်နေရခြင်း)တို့ကြောင့် မြန်မာတပ်မှူးမှ ရွှေတိဂုံကုန်တော်မှ
တပ်ဆုတ်ပေးလိုက်သည်။
ဒုတိယအင်္ဂလိပ်မြန်မာစစ်သည် မြန်မာများ
အငိုက်မိခြင်း၊ စစ်လက်နက် ကွားခြားခြင်းတို့ကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း သွေးဆေးကန်၊
သိမ်ဖြူခံတပ်တို့သည် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့၏ ဇာတိမာန်ကို
ပြသခဲ့သည့် တိုက်ပွဲဖြစ်သည်။ ထိုသို့ မြန်မာတို့၏ သတ္တိ၊ မြန်မာတို့ရဲ့ သွေးကို
အကောင်းဆုံးပြသခဲ့သည့် သူရဲကောင်းများ၏ ၀ိဥာဏ်များ နားခိုရာ သွေးဆေးကန်၊
အာဇာနည်ကုန်းတို့ကို နှစ်စဉ် အာဇာနည်နေ့တိုင်း သွားရောက်ဂါရ၀ပြုခဲ့ကြခြင်းဖြစ်သည်။
ကိုယ်ကမကျူး၊ သူကျူးလာက၊
သူ့နိုင်ငံသား၊ သံမှုန်စားလည်း၊
သေမှာမကြောက်၊ ရဲရဲဝံ့ဝံ့၊
ရင်ကိုကော့လျှက်၊ ဓါးငှက်ကြီးတောင်၊
လက်ဝယ်ဆောင်ကာ၊ အသက်စွန့်ပြီ၊
တိုက်ခိုက်တတ်တာ၊ တို့မြန်မာ ........။
(အလင်းစေတမာန်)
Photo From :ဝေဟင်ချစ်သူ
သူ့နိုင်ငံသား၊ သံမှုန်စားလည်း၊
သေမှာမကြောက်၊ ရဲရဲဝံ့ဝံ့၊
ရင်ကိုကော့လျှက်၊ ဓါးငှက်ကြီးတောင်၊
လက်ဝယ်ဆောင်ကာ၊ အသက်စွန့်ပြီ၊
တိုက်ခိုက်တတ်တာ၊ တို့မြန်မာ ........။
(အလင်းစေတမာန်)
Photo From :ဝေဟင်ချစ်သူ
No comments:
Post a Comment