ဆောင်းပါးရှင် - ဂါမဏိ
ပညာရေးဝန်ကြီးဌာနထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှ
အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အော်နာ (Honour) ဟူသော စကားလုံးကို ရိုးဖြောင့်သောဂုဏ်၊ ဂုဏ်သိက္ခာ
ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ စစ်တက္ကသိုလ် DSA မှာဖြစ်ဖြစ်၊ ဗိုလ်သင်တန်းကျောင်း
OTS မှာဖြစ်ဖြစ် ဗိုလ်လောင်းဘ၀ စရောက်ချန်ကနေ အရာရှိကြီးဘ၀နဲ့ ပင်စင်ယူတဲ့အထိ မိမိစိတ်ဓာတ်နဲ့
အမူအကျင့်ကို “အော်နာ” နဲ့ “ပရိုက်ဒ်”ဆိုတဲ့ ဂုဏ်ဒြပ်နှစ်ပါးက လွှမ်းခြုံနေစေဖို့
အထက်ဌာနများနဲ့ နည်းပြများက တောက်လျှောက်ရိုက်သွင်းခဲ့ပါတယ်။ အော်နာကို ယခင် ဗိုလ်ချုပ်ကြီးရွှေမန်း
(အခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)က “ရိုးသားခြင်း၊
အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ်ခြင်း၊ မှားလျှင် ၀န်ခံပြောဆို၍ အမှန်ရောက်အောင်
ပြုပြင်ဆောင်ရွက်ခြင်း”လို့ ၂၀၀၄ ခုနှစ် သြဂုတ်လထုတ် စစ်တက္ကသိုလ် ရွှေရတု နျစ်လည်မဂ္ဂဇင်း
အမှာစာမှာ အဓိပ္ပါယ် ဖွင့်ထားပေးပါတယ်။ အော်နာကို “စာရိတမဏ္ဍိုင်” လို့ပဲ ပါလီမန်ဒီမိုကရေစီ
ခေတ်တုန်းက ခေါ်ခဲ့ဖူးပါတယ်။
တကယ်တော့ အော်နာဆိုတာ နိုင်ငံတကာ တပ်မတော်တွေမှာလဲ
ဗိုလ်လောင်းတွေကို လူကြီးလူကောင်း သူရဲကောင်းတွေဖြစ်စေဖို့ ချမှတ်ထားတဲ့ တင်းကြပ်တဲ့ကျင့်ဝတ်၊
နောင်တချိန်မှာ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှုယူရမယ့် ပြန်တမ်းဝင်အရာရှိလောင်းတွေအတွက်
ပင်မစံကျင့်ထုံးဖြစ်ပါတယ်။ တချို့အရပ်ဖက်တက္ကသိုလ်တွေမှာလဲ အော်နာကျင့်ဝတ် သတ်မှတ်ထားတာတွေ
ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းအော်နာကျင့်ဝတ်
cadet honor code ကို ကျောက်ပြားပေါ် ရေးထိုးထွင်းထုထားပါတယ်။ အမေရိကန်ဗိုလ်လောင်းတွေရဲ့
အော်နာကတိသစ္စာက “ဗိုလ်လောင်းသည် မလိမ်မညာ၊
အကောက်မကြံ၊ မခိုးမ၀ှက်၊ လိမ်ညာကောက်ကျစ်၊ ခိုးဝှက်သူကိုလဲ ခွင့်မလွှတ်” လို့ ချမှတ်ထားပါတယ်။
အမေရိကန် လေတပ်၊ ရေတပ်တွေမှာလဲ အော်နာကျင့်ဝတ်က ဒီအခြေခံပဲ ဖြစ်ကြပါတယ်။
အော်နာကို ဖြောင့်မတ်မှုအပေါ် အခြေခံတဲ့ ဂုဏ်သိက္ခာလို့
ပြောနိုင်ပါတယ်။ အင်္ဂလိပ်အဘိဓာန် ပြုစုခဲ့တဲ့ ဒေါက်တာဆင်မြူယယ်ဂျွန်ဆင်က အော်နာကို စိတ်နေစိတ်ထား
မြင့်မြတ်စင်ကြယ်မှု၊ သဘောထားကြီးမြင့်မှု၊ အောက်တန်းကျခြင်းကို ရွံရှာမှုလို့ ဖွင့်ဆိုခဲ့ပါတယ်။
အော်နာဟာ ယုံကြည်စိတ်ချနိုင်စွမ်း Credibility နဲ့လည်း ဆက်စပ်နေပါတယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရကြည့်ရင်
အော်နာဟာ ဖြောင့်မတ်မှုဂုဏ်ရည်၊ ဣနြေ္ဒ၊ သိက္ခာ၊ မျက်နှာ၊ အရှက် တို့နဲ့ ပတ်သက်နေပါတယ်။
အချစ်နဲ့စစ်မှာ မတရားတာမရှိလို့ ပြောကြပေမယ့်
စစ်ဗိုလ်စစ်သားတွေမှာ အော်နာဆိုတာကတော့ ရှိနေပါတယ်။ ရန်သူကို အလစ်အငိုက် နောက်ကျောက
မတိုက်တာ၊ လက်ရည်တူ သေနတ်ချင်း ယှဉ်ပစ်တာတွေရှိတဲ့ ရှေးခေတ်က စစ်သူရဲကောင်းတွေမှာ အော်နာကို
အထူးတလည် တန်ဖိုးထားပါတယ်။ ဒီနေ့ခေတ်မှာတော့ အော်နာကို အတိအကျ လိုက်နာခြင်း မရှိတောပေမယ့်
တစ်ဦးချင်ဖြောင့်မတ်မှုဂုဏ်ဆိုတဲ့ အော်နာကတော့ ရှိနေပါတယ်။ ဂျနီဗာစာချုပ်မှာ စစ်သုံ့ပန်းတွေ၊
လက်နက်မဲ့အရပ်သားလူထုတွေအပေါ် ပြုကျင့်ဖို့ သတ်မှတ်ပြဌာန်းချက်တွေဟာ အော်နာကို နိုင်ငံတကာအဆင့်မှာ
လက်ခံချမှတ်ထားတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာ့တပ်မတော်စစ်ဗိုလ်ချုပ်တွေဟာ
လက်တွေ့ဘ၀မှာ အော်နာကို ဖောက်ဖျက်ခဲ့ပြီး တပ်မတော်သမိုင်းညှိုးနွမ်းခဲ့အောင် ဆယ်စုနှစ်နဲ့ချီပြီး
လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က မရိုးမဖြောင့် လိမ်ညာတာ၊ အကောက်ကြံတာ၊ ပြည်သူ့ဥစ္စာဓန ခိုးတာတွေ
တောက်လျှောက် လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ အော်နာဆိုတာ စကားလုံးပဲ
ကျန်ပါတော့တယ်။ သမိုင်းတလျှောက်မှာ ဒီကနေ့လောက် အော်နာ ကျ၊ ပရိုက်ဒ်ပျောက်တာ မရှိပါဘူး။
အော်နာ ဆိုတာ အနိမ့်ဆုံးအားဖြင့် စာမေးပွဲမှာ ခိုးမချတာကို ပြောပေမယ့် စစ်တက္ကသိုလ်
စာမေးပွဲတွေ၊ ရုရှားပညာတော်သင် စာမေးပွဲတွေတင်မက စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်
စာမေးပွဲတွေမှာတောင် အော်နာ မထိန်းမသိမ်းတာတွေ ပွထနေပါတယ်။ တကယ်တမ်း အော်နာကို ထိန်းသိမ်းကြရင်
တော် ၃ တော်၊ တော် ၄ တော် ဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး။
န၀တ-နအဖ စစ်ခေါင်းဆောင်တွေဟာ အော်နာကို ဘေးချိတ်ပြီး
၉၀ ရွေးကောက်ပွဲကို ဖောက်ဖျက်ခဲ့သလို တိုင်းရင်းသားတွေကိုလည်း သဘောထားကျဉ်းမြောင်းစွာနဲ့
အသေးအဖွဲအခွင့်အရေးကအစ ပိတ်ပင်၊ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးတွေမှာ လိမ်ညာကောက်ကျစ်ခဲ့ပါတယ်။
နိုင်ငံရေးမပြောနဲ့ ကိုယ့်တပ်ထဲမှာတောင်မှ အချင်းချင်း အော်နာမရှိတာကို ပြောပြချင်ပါတယ်။
ဒါကတော့ စစ်သမိုင်းပြတိုက်တွင် မှတ်တမ်းဖော်ပြဖို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဓာတ်ပုံတွေချိတ်ဆွဲခဲ့ရာမှာ ယခင်ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ကို
မသိမသာဖြုတ်ခိုင်းတာဟာ အော်နာမရှိတာဘဲ ဖြစ်တယ်။ စစ်ရုံးနဲ့ တိုင်းရုံးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဗိုလ်ချုပ်ကြီး နေ၀င်းတို့ ဓာတ်ပုံတွေကို ဖြုတ်ဖို့ တရားဝင် အမိန့်မပေးဘဲ တိုးတိုးတိတ်တိတ်
ဖြုတ်ခိုင်းတာဟာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အော်နာမရှိလို့ပဲလို့
တပ်အရာရှိများကို အရပ်သားများက ဝေဖန်ပြစ်တင်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ရွေးကောက်ပွဲပြီးရင်
စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကတိက၀တ်စကားကို လက်အောက်ခံ ဗိုလ်ချုပ်များက အော်နာ မရှိဘဲ
မလိမ့်တပတ်လုပ်ခဲ့ပါတယ်။ တကယ်တော့ စစ်တပ်မှာ အထက်အကြီးအကဲများရဲ့ ဆောင်ပုဒ်၊ မူဝါဒ
အဆိုအမိန့်များကို တသွေမတိမ်း လိုက်နာအကောင်အထည်ဖော်ရမယ့် တာဝန်ရှိပါတယ်။ ပြည်သူလူထုအပေါ်
တလျှောက်လုံး အမျိုးမျိုးလိမ်ညာခဲ့သလို ပြည်သူလူထုရဲ့ လယ်ယာမြေတွေ၊ သီးနှံတွေ၊ လုပ်အားတွေ၊
ငွေကြေးတွေကိုလည်း အဓမ္မ အေးဓမြတိုက်ခဲ့ပါတယ်။ အော်နာကို ခေါင်းထဲ မထည့်တော့တဲ့အတွက်
အမျိုးသားညီလာခံကို ဇွတ်အတင်းပုံသွင်း၊ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မျက်နှာပြောင်တိုက်
မဲလိမ် မဲခိုးလုပ်ခဲ့ပါတော့တယ်။
ပြည်သူလူထုရဲ့ ချွေးနည်းစာတွေတင်မက အောက်ခြေရဲဘော်တွေရဲ့
ရပိုင်ခွင့်တွေကို လျစ်လျူရှုပြီး အလွဲသုံးစားလုပ် အဂတိလိုက်စားနေတာဟာ အော်နောကို လုံးဝချိုးဖောက်တာဖြစ်ပါတယ်။
ဆင်မင်းဘိလပ်မြေအိတ်တွေ၊ ဒီဇယ်တွေ၊ ဓာတ်ဆီတွေ၊ ဖုံးတွေ၊ ကား ပါမစ်တွေ၊ ၀စ်သောက်ကား၊
ဝစ်သောက် ဆိုင်ကယ်တွေဟာ တပ်မတော်အရာရှိဆိုတဲ့ အော်နာကို နင်းချေပစ်လိုက်ပါပြီ။ အော်နာ
ဆိုတာ မမှန်တာကို မလုပ်၊ လုပ်မိရင် အမှားကိုဝန်ခံရတာ ဖြစ်ပေမယ့် ၂၀၀၇ ခုနှစ်၊ သြဂုတ်-စက်တင်ဘာလတုန်းက
ပခုက္ကူမှာ သံဃာတော်တွေအပေါ် မလုပ်သင့်တဲ့အမှား ကျူးလွန်ခဲ့ပြီး ဒီအမှားကို ၀န်မခံရုံတင်မက
ရန်ကုန်၊ မန္တလေး၊ စစ်တွေတို့မှာ နောက်ထပ်ပိုလို့ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပြန်ပါတယ်။
နောက်တစ်ခါ ၂၀၁၀ ၊ စက်တင်ဘာလမှာလည်း ပဲခူးမှာ လူငယ်လေးတွေအပေါ် မမှန်တာလုပ် လူသတ်ခဲ့ပြီး
အမှားကို ၀န်မခံခဲ့ပါဘူး။
အော်နာဆိုတာ အမှန်တရားကို မြတ်နိုးဆောင်ရွက်ခြင်းလို့
ဆိုထားပေမယ့် ဒီပဲယင်း လူသတ်ပွဲရဲ့ အမှန်တရားကို ဖုံးဖိထားတာ၊ တက္ကသိုလ်ရိပ်သာလမ်း (၅)လောင်းပြိုင်
လူသတ်မှုရဲ့ အမှန်တရားကို ကွယ်ဝှက်ထားတာတွေကို ဗိုလ်ချုပ်ဆိုသူတွေက ဆောင်ရွက်ခဲ့ပါတယ်။
ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ ဗိုလ်ချုပ်ရွှေမန်းပြောခဲ့တာကို ဦးရွှေမန်းကိုယ်တိုင်
အော်နာ မလုပ်တော့တာ တွေ့ရပါတယ်။ သားဖြစ်တဲ့ တိုးနိုင်မန်း ဗထူးမှာ ဆေးချ လူသတ်မှု/လူသေမှုကိစ္စ၊
DSA မှာ ဗိုလ်ကျသောင်းကျန်းတဲ့ကိစ္စတွေမှာ အော်နာတွေ ဘယ်ရောက်သွားပါသလဲ။
၈၈ အရေးတော်ပုံက ကုန်းမြင့်သာယာကို ရေတပ်က
အမြောက်နဲ့ပစ်မယ်၊ လေတပ်က ဗုံးကြဲမယ်ဆိုတဲ့ စာထုတ်ခဲ့တာ (ထိုစဉ်က) မဆလ တနင်္သာရီတိုင်းဒေသပါတီကော်မတီဥက္ကဋ္ဌ
(ဗိုလ်မှူးကြီးဟောင်း) ဦးရဲဝင်း ဖြစ်ပေမယ့် ဘာမှမဆိုင်တဲ့ ဗကပ ၄၈၂၈ အဖွဲ့ ပုဂံသန်းနိုင်ကို
ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး သူရေးကြောင်း ၀န်ခံခိုင်းခဲ့ပါတယ်။ ၁၉၈၉ ခုမှာလည်း
သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ်ဆိုပြီး သန်လျင်မြို့နယ် NLD လူငယ်လေးတွေနဲ့ ဒေါက်တာထွန်းသူကို
ညှဉ်းပန်းနှိပ်စက်ပြီး ဇွတ်အတင်း ၀န်ခံခိုင်းခဲ့ပါတယ်။ တကယ်ဗုံးခွဲသူအစစ် ပေါ်လာတော့လည်း
အမှားကိုဝန်မခံ၊ အမှန်ရောက်အောင် မပြင်ခဲ့တဲ့ အော်နာကို ရာနှုန်းပြည့် ဖောက်ဖျက်ခဲ့ပါတယ်။
မြောက်ကိုရီးယားကိစ္စ၊ နျူးကလီးယားကိစ္စတွေမှာလဲ
အော်နာ မဲ့မဲ့ မျက်နှာပြောင်ပြောင်နဲ့ လိမ်ညာခဲ့တယ်။ လူသားချင်းစာနာမှုအရ ကူညီရပါတယ်ဆိုပြီး
နိုင်ငံတကာကို ပြောခဲ့ပေမယ့် တကယ်တော့ အဲဒီမြောက်ကိုရီးယား သင်္ဘောတွေမှာ စစ်တပ်ကို ထောက်ပံ့ပေးမယ့်
စစ်လက်နက်ပစ္စည်းများ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလုပ်တာကို
မကျေနပ်လို့ ရာဇ၀တ်မှုနဲ့ အမှုဆင်ဖမ်းတာ၊ ကျန်ရစ်သူမိသားစုကိုပါ ဘ၀ပျက်အောင် နှိပ်စက်တာ၊
ကိုယ့်နေရပ်နဲ့ ဝေးကွာလှမ်းလှတဲ့ ထောင်တွေကိုပို့တာတွေဟာ စိတ်နေစိတ်ထား မြင့်မြတ်စင်ကြယ်မှု၊
သဘောထားကြီးမြင့်မှုဆိုတဲ့ အော်နာအဓိပ္ပါယ်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး အော်နာနဲ့
ဆန့်ကျင်ဖက်ဖြစ်တဲ့ ကလိမ်ကကျစ် အောက်တန်းကျမှု အဓိပ္ပါယ် ဆောင်နေပါတယ်။ ကလေးစစ်သားတွေကို
အသက်လိမ်ပြ လက်ခံထားတာကလည်း အမှန်ရောက်အောင် ပြုပြင်ဆောင်ရွက်ခြင်း၊ လိမ်ညာကောက်ကျစ်သူကို
ခွင့်မလွှတ်ခြင်း ဆိုတဲ့ အော်နာကျင့်ဝတ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။
ကိုလိုနီခေတ်ပုလိပ်တွေ ဘိန်းပစ်ဖမ်းသလို
အတိုက်အခံတွေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချဲစာရွက်ချ၊ ယာမားဆေးပြားပစ်၊ ဘိန်းဖြူပစ်
သိက္ခာချတာတွေကလည်း အော်နာဆန့်ကျင်ဖက် အောက်တန်းကျမှု ဖစ်ြပါတယ်။ မူးယစ်ဆေးမီးရှို့ပွဲမှာ
ဧည့်သည်တွေပြန်သွားတာနဲ့ချက်ခြင်း မီးတွေအမြန်ငြိမ်းပြီး မူးယစ်ဆေးထုပ်တွေ ပြန်သိမ်းသွားတာဟာ
အော်နာမရှိတော့တဲ့ ဗိုလ်ချုပ်တွေခိုင်းတာ ဖြစ်ပါတယ်။ နိုင်ငံတကာဧည့်သည်များ ရုတ်တရက်လာရန်ရှိလို့
ဖျက်ဆီးပြမယ့် မူးယစ်ဆေးဝါး နည်းနေတာကြောင့် နယ်စပ်က အားချင်း မှာယူဖြည့်တင်းတာတွေဟာ
အော်နာမရှိတာဘဲ ဖြစ်တယ်။ ကချင်စစ်သုံ့ပန်းတွေကို သတ်ပစ်တာ၊ အနက်ရောင်နယ်မြေမှာ “အစိတ်သားတောင်မချန်”ဘဲ အကုန်သတ်၊ အကုန်လု၊
အကုန်ရှို့လုပ်ခိုင်းတာတွေဟာ အော်နာ စိတ်ဓာတ်ကို လုံးဝဆန့်ကျင်နေပါတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေကို နောက်တစ်ခါ ထပ်လက်နက်ချခိုင်းတာတွေကလည်း အော်နာပျက်ယွင်းမှု
ဖြစ်ပါတယ်။
နိုင်ငံအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်၊
နိုင်ငံတက်လမ်းဖြစ်တဲ့ သဘာဝဓာတ်ငွေ့တို့ကို ပွင့်လင်းမြင်သာမှုမရှိ၊ စာရင်းပျောက် ရောင်းစားတာတွေဟာ
ဗိုလ်ရွှေမန်းပြောတဲ့ ရိုးသားမှု၊ အမှန်တရားကို မြတ်နိုးဆောင်ရွက်မှု ဆိုတဲ့ အော်နာနဲ့
လုံးဝကွဲလွဲနေသလို ကိုယ့်အာဏာတည်မြဲရေးအတွက် နိုင်ငံ့သယံဇာတ၊ နိုင်ငံအချုပ်အခြာအာဏာတို့ကို
ပြည်ကြီးတရုတ်လက် ဈေးပေါပေါနဲ့ ထိုးအပ်တာကတော့ ပရိုက်ဒ် မရှိတော့တာကိုလည်း ပြနေပါတယ်။
ကိုရွှေမန်းက ဥပဒေအထက်မှာ မည်သူမျှ မရှိစေရပါဘူးလို့ ဆိုပေမယ့် ရွှေဝါရောင်တော်လှန်ရေး
ဖြစ်စဉ်များနဲ့ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး ဖြစ်စဉ်များမှာ ဥပဒေအထက်မှာ ဥပဒေမဲ့ လုပ်ချင်တာ
လုပ်သွားတာကိုတော့ အော်နာ မရှိတာဘဲ ဖြစ်ပါတယ်။ မိမိရဲ့ စကားကိုတည်ဖို့ ကိုရွှေမန်းတစ်ယောက်
အမှတ်ရစေဖို့ လိုပါတယ်။
ကိုယ့်အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားတွေအပေါ်
အော်နာမဲ့တဲ့ နောက်လုပ်ရပ်ကြီး တစ်ခုကတော့ အထောက်တော်သတင်း၊ အခြားသတင်း၊ အထက်ဌာနချပြသတင်းဆိုပြီး
နယ်စပ်အတိုက်အခံတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဥပဒေအတွင်း အတိုက်အခံတွေနဲ့ပတ်သက်တဲ့
ဗုံးခွဲအကြမ်းဖက် နှောင့်ယှက်ဖျက်ဆီးဆူပူရေး လံကြုတ်သတင်းတွေ ဖန်တီးတာ၊ အောက်ခြေရဲဘော်တွေ
အရာရှိငယ်တွေကို ဒီသတင်းတွေနဲ့ ခြောက်လှန့်မှိုင်းတိုက်ပြီး “နိုင်ငံတော်ကာကွယ်ရေး” အတွက် တပ်ချုပ်ကြီးတို့ကို အစဉ်သစ္စာရှိ နာခံနေအောင်၊
စစ်စိတ်စစ်သွေးကြွအောင် မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ လိမ်ညာလီဆယ်နေတာပဲ ဖြစ်ပါတယ်။ ဥပမာပြရရင်
- ထိုင်းနိုင်ငံဝင်ခွင့် ပိတ်ထားခံရတဲ့ စစ်ပြိုင်အစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက
ဘာအဆောက်အဦ ဘာစခန်းမှ မရှိတော့တဲ့ ဒေါင်းဂွင်မှာ ရန်ကုန်-မန္တလေး ဖောက်ခွဲဖို့ အစည်းအဝေးလာတက်တဲ့သတင်း၊
ယခုစာရေးသူ ဂါမဏိကို ကေအဲန်ယူ ဗဟိုထောက်လှမ်းရေးက ဗိုလ်မှူးအဖြစ် ဖော်ပြပြီး မဲဆောက်မြို့
မယ်ပရပ်ကွက် နေအိမ်ကနေ ပြည်တွင်းကို ဖောက်ခွဲရေးသမားတွေ စေလွှတ်တဲ့သတင်းမျိုး ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာလည်း ဇာတ်လမ်းဆင်တာ လွန်သွားလို့ ကွယ်လွန်ပြီးဖြစ်တဲ့ ကေအဲန်ယူ တပ်မဟာ(၆)မှူး
ဗိုလ်ချုပ်ရွှေဆိုင်းက ဖောက်ခွဲရေးအစည်းအဝေး တက်တယ်လို့ ရေးထုတ်မိတာမျိုး ဖြစ်ခဲ့ပါသေးတယ်။
အရင်တုန်းက ကကလှမ်းပဲဖြစ်ဖြစ်၊ ဒီကနေ့ စရဖပဲဖြစ်ဖြစ် သတင်းထောက်လှမ်းရာမှာ ဒါလောက်အထိညံ့တာ
မဟုတ်ပါဘူး။ တမင်သက်သက် သတင်းအတုတွေ လုပ်ကြံထုတ်လွှတ်နေတာသာ ဖြစ်ပါတယ်။
တကယ်တော့ ဒီကနေ့ အထက်ကချပြတဲ ရန်သူ့သတင်းလို့
သတ်မှတ်ထားပြီး ထောက်လှမ်းရေးသတင်းများကို စစ်သုံးသင်္ကေတဖြင့် ဖော်ပြထားသော ဦး ၄ သတင်း
၉၀% လောက်ဟာ အတုတွေ ဖြစ်နေပါတယ်။ ကြားဖူးနားဝ လူနာမည်တွေ၊ အဖွဲ့အစည်းနာမည်တွေ၊ နေရာဒေသနာမည်တွေနဲ့
ဇာတ်လမ်းဆင်ပြီး ဗုံးခွဲမယ့်ဇာတ်လမ်း၊ အဖျက်လုပ်ရပ်ဇာတ်ထုပ်၊ ဆူပူမယ့်ဇာတ်ကွက်၊ ပြည်ထောင်စုဖြိုခွဲမယ့်
ကြံစည်ချက်၊ တပ်မတော်ကို ဖျက်ဆီးမယ့် ပလော့တ် တွေ ရေးထုတ်ဖြန့်ချိတာဟာ အဓိကအားဖြင့်
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စလာခဲ့ပါတယ်။ အဓိကကတော့ ဖောက်ခွဲရေးလုပ်မယ့်သတင်းတွေ ဖြစ်ပါတယ်။
ဒီအရင်ကတော့ သတင်းအထု ဖန်တီးတာ သိပ်မရှိခဲ့တဲ့ သတင်းမှားတာတွေပဲ တခါတလေ ရှိခဲ့ဖူးပါတယ်။
သတင်းအတုရေးတဲ့အခါ ပြည်ပအသံလွှင့်ဌာနသတင်းတွေမှာ ပါလေ့ရှိတဲ့ အဝေးရောက် အတိုက်အခံခေါင်းဆောင်
နာမည်တွေ အဖွဲ့တွေကို အခြေတည်၊ ပြည်တွင်းကိုလွှတ်လိုက်တဲ့ ဖောက်ခွဲရေးသမားတွေရဲ့ နာမည်၊
လူပုံပန်းသဏ္ဍာန်၊ အရပ်အမောင်း မျက်နှာပေါက်ကအစ အသေးစိတ်ဖန်တီးရေးသားပြီး ဦး ၄ သတင်းတွေကို
တပ်ဆွေဆီ ထုတ်လွှတ်ပါတော့တယ်။
ဒီသတင်းအတုတွေကို စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာဖြင့်
ကကကြည်း၊ အခု စရခ (အရင် ကကလှမ်း)နဲ့ ကကပြည် တို့က တာဝန်ယူရေးထုတ်နေတာ ဖြစ်ပါတယ်။ တချိန်ကဆို
ပြန်ကြားရေး ဒုဝန်ကြီးဟောင်း ဦးသိန်းစိန်က အောင်မင်း ကလောင်နာမည်နဲ့လည်းကောင်း၊ ဖိုးကံကောင်း
(ညိုမင်းလွင်)၊ တင်သန်းဦး၊ ချစ်စံဝင်း၊ ချစ်နိုင်၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခ တို့ကလည်းကောင်
ကလောင်နာမည်အမျိုးမျိုးဖြင့် ရှဲဒိုးရေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းလည်ပတ်
အသားကျသွားတဲ့အခါကျမှ သူတို့ကို နားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊
ဗိုလ်ချုပ်သန်းရွှေတို့ကိုယ်တိုင် ကြီးကြပ်ရေးသားတာတွေ ဂိုက်လိုင်းပေးတာတွေလည်း ရှိခဲ့ပါတယ်။
ဒီလိုရန်သူန်သတင်းအတုတွေနဲ့ တပ်ကို ခြောက်ခြားနေအောင်၊
အငြိမ်မနေရအောင်၊ နိုင်ငံရေး ဒီမိုကရေစီရေး တပ်မတော်သားအခွင့်အရေး စဉ်းစားချိန်မရအောင်၊
အတိုက်အခံတွေ တိုင်းရင်းသားတွေကို အမြဲမယုံသင်္ကာဖြစ် ရန်လိုနေအာင် လုပ်ထားပြီး စစ်အုပ်စု
ထိပ်သီးတွေအလိုကျ လက်ညှိုးထိုးခိုင်းနိုင်အောင် အစဉ်တစိုက် ကြိမ်တို့နေတာ ဖြစ်ပါတယ်။
အော်နာမရှိတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အရပ်ဝတ်လဲ စစ်ခေါင်းဆောင်တွေကို ပြည်သူလူထုက ယုံကြည်နိုင်စွမ်း
မရှိပါဘူး။ ဖြောင့်မတ်စကားတည် မလိမ်မကောက်တဲ့လူကိုပဲ ရဲဘော်အများ ပြည်သူအများက ယုံကြည်စိတ်ချနိုင်စွမ်း
ရှိမှာဖြစ်ပါတယ်။
ဒါ့ကြောင့်
တပ်မတော်အရာရှိတွေဆီမှာ ပျက်စီးပျောက်ဆုံးသွားတဲ့ အော်နာ ပြည်လည်ထူထောင်ဖို့ဆိုရင်
အော်နာကို ဖျက်ဆီးခဲ့တဲ့ အာဏာရူး ကိုယ်ကျိုးသမား စစ်ထိပ်သီးတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။
ဒါမှသာ အရာရှိတွေရဲ့ အော်နာ နဲ့ ပရိုက်ဒ် တင်မကဘဲ တပ်မတော်တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ
ပြန်ပြီး အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ အော်နာကို တန်ဖိုးထားတဲ့ တပ်မတော်အရာရှိ ကြီးလတ်ငယ်တွေအနေနဲ့
အော်နာမရှိတော့တဲ့ စစ်ခေါင်းဆောင် ထိပ်သီးတွေနေရာကို တက်ယူဖို့ အချိန်တန်ပါပြီ။
No comments:
Post a Comment