19 May 2013

ဦးသန်းရွှေ အိုပြီလား အပိုင်း(၁)


ဆောင်းပါရှင် - ဗိုလ်သိုးထိန်း
          အမှန်တော့ ဒီခေါင်းစဉ်ကို မတင်ချင်ဆုံး၊ တင်မိတာကိုက ကျွန်တော်ကိုယ်တိုင်ကို ကြက်သီးဖြန်းဖြန်း ထမိစေတာ အမှန်ပဲ။ သို့ပေမယ့် ဒီခေါင်းစဉ် တင်မိလောက်အောင်ကို အကြောင်းအချင်းအရာတွေက ဆက်တိုက်ဆိုသလို ဖြစ်လာလေတော့ မတင်ချင်ပေမယ့် တင်လိုက်ရပါပြီ။
          ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ မရေးဆို မြန်မာပြည်ကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ယစ်မူးပျော်ဝင်ပီတိတွေဖြစ်ပြီး “ကောင်းလေစွ... ကောင်းလေစွ” ရယ်လို့ ကျေနပ်နေမိတာလေ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီ.. “ဟ.. တယ်ဟုတ်ပါလား” အဲ တရုတ်နိုင်ငံက လုပ်ပေးမယ့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကြီးကို ပြည်သူတွေက လက်မခံလို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စီမံကိန်းကို ရပ်တန့်လိုက်ပြီ.. “ဟေ.. ထူးဆန်းအံ့ဖွယ်ပါလား”။ အာဆီယံထိပ်သီးအစည်းအဝေးတစ်ခုမှာ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံပြီး အိုဘားမားက မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွှတ်ပေးမယ် ဆိုပါလား။ နိတ်ဟ.. ကြားရတဲ့စကား ပုံပြင်မှတ်လို့ ကိုယ့်နားတောင် ကိုယ်မယုံချင်။ ဟော.. တကယ်ပဲ မစ္စဟီလာရီကလင်တန်ကြီး မြန်မာပြည်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေတော့ အံ့သြပီတိတွေဖြစ်ပြီး မစ္စဟီလာရီကလင်တန်ကြီးကို TV ကနေတဆင့် ကြည့်လို့ကို မ၀တော့။ ငါတို့ မြန်မာပြည်ကြီး နိုင်ငံတကာမှာ ၀င်ဆန့်တော့မဟေ့။ တိုးတက်တော့မယ့် လမ်းစဟေ့ဆိုပြီး ညပင် အိပ်မပျော်။
          နောက်ဆုံး ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအတော်များများကို လွှတ်ပေးလိုက်တဲ့ အချိန်မှာတော့ သမ္မတဦးသိန်းစိန်မျက်နှာ ကြည့်ရတာကိုက အလိုလိုနေရင်း ကျက်သရေတွေရှိပြီး ကြည်ညိုစိတ်တွေ ယိုဖိတ်လာမိတော့တာပါပဲ။
          ကျွန်တော်တို့ စာရေးနေတယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်ကိုက မြန်မာပြည်ကြီး ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို တည့်တည့်မတ်မတ် ရောက်ရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ကျွန်တော်တို့ သွားစေချင်နေတဲ့ လမ်းကြောင်းပဲမို့ ဘာများ စောဒကတက်စရာ ရှိပါမည်နည်း။ လွန်စွာ ကောင်းပါ၏ပေါ့။ ထို့ကြောင့် ကျွန်တော်သည်လည်း ရေးစရာစာ မရှိပါချေပြီ။
          သို့ပေမယ့် ကျေနပ်ပီတိစိတ်က ကြာကြာမခံ၊ လွန်စွာ စိုးရိမ်စရာကောင်းသော သတင်းအချက်အလက်များက ဆက်တိုက်ဆိုသလို ၀င်လာလေတော့သည်။ ပထမ အကြောင်းအရာကား တစ်ရပ် ဦးသန်းရွှေကြီး မူးလဲလေသည်ကို ယခုတပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြာပြာသလဲ လူနာသွားမေးသည့်ကိစ္စ။ အမှန်တော့ မည်သို့မျှ ထူးခြားသည့်ကိစ္စ မဟုတ်ချေ။ သူတို့ ဆရာတပည့်ချင်း လူနာသွားမေးသည့်ကိစ္စကိုး။ သို့ပေမယ့် ယင်းမှာ ထူးခြားသည်က ဦးသန်းရွှေ၏ ကိုယ်ရံတော်တပ်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား အဆင့်ဆင့် စစ်ဆေးမေးမြန်းပြီး ဦးသန်းရွှေ၏ ခွင့်ပြုချက်ရမှ ၀င်တွေ့ခွင့်ပြုသည့်ကိစ္စပင် ဖြစ်တော့သည်။ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကိုယ်တိုင်က လာပြီး လုပ်ကြံစရာလည်း မရှိချေသည်ကိုး။ ဤသို့ဆိုလျှင် အဘယ်ကြောင့် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကိုယ်ရံတော်တပ်က အဆင့်ဆင့် စစ်ဆေးမေးမြန်းနေရသနည်း။ ကျွန်တော့်အထင် အဖြေက ရှင်းသည်။ တပ်ကြီး တစ်ခုလုံး၏ အင်အားကို ဦးသန်းရွှေ ဆုပ်ကိုင်ထားဆဲ ဆိုသည့် အဖြေပင် ဖြစ်သည်။
          ဤသို့ဆို ရွေးကောက်ပွဲတွေ လုပ်၊ ယူနီဖောင်းတွေ ချွတ်၊ သမ္မတ တဖြစ်တွေလဲ သွားနေကြတဲ့ အစီအစဉ်ကြီးကရော မည်သူလမ်းပြချမှတ်သွားလေသတည်း။ ဒါကလည်း ရှင်းသည်။ ဦးသန်းရွှေကြီး ဘုန်းတန်ခိုး လွန်စွာ ထက်မြက်လှသော အချိန်မှာကတည်းက ပြောင်းလဲသွားသော အခင်းအကျဉ်း ဖြစ်သောကြောင့် ဒါသည်လည်း ဦးသန်းရွှေ ချမှတ်ပေးသွားသည့် လမ်းစဉ်ပင် ဖြစ်သည်။
          ကျွန်တော့်အမြင် နိုင်ငံတကာ အာဏာရှင်များ၏ သင်ခန်းစာယူဖွယ် နိဂုံးများက အာဏာရှင် ဖြစ်ခဲ့သူ ဦးသန်းရွှေအတွက် သင်ခန်းစာ ယူဖွယ်ရာတွေ ဖြစ်ခဲ့သည်ပင်။ ထို့အပြင် နှစ်ပေါင်း (၂၀)ကျော်အတွင်း အာဏာရှင်ဘ၀က ရယူခဲ့သည့် စည်းစိမ်ဥစ္စာများသည်လည်း ဆွေစဉ်မျိုးဆက် စား၍မကျန်တော့။ ထို့ကြောင့် ညင်သာနူးညံ့စွာ ခွာစစ်ဆင်ဖို့ ကြံစည်ခြင်း ဖြစ်နိုင်ချေသည်။
          ထိုသို့ ညင်သာစွာ ခွာစစ်ဆင်ခြင်းဆိုရာဝယ် ဦးသန်းရွှေအတွက် အလွန်တရာ သတိထားပြီး ကိုင်တွယ်ခဲ့ရသည့် အနေအထားဖြစ်သည်။ တစုံတရာ ချွတ်ချော်ပြီး လွှတ်တော်များမှာ အာဏာပြင်းထန်ခဲ့သော အာဏာရှင်အတွက် ခုံရုံးများ ပေါ်ပေါက်လာနိုင်သောအချက်ပင် ဖြစ်သည်။
          အင်အားချိန်ခွင်လျာ ညှိသည်ဆိုရာဝယ် စစ်တပ်တွင် စစ်တပ်အပေါ် သြဇာတိက္ကမကြီးသော ပုဂ္ဂိုလ်အား ချန်ထားပေးခဲ့၍ မရ။ စစ်တပ်ဘက်အားသာလွန်းနိုင်သည်။ ထို့ကြောင့် စစ်တပ်တွင် သြဇာတိက္ကမကြီးမားလှပါသည်ဆိုသော ပုဂ္ဂိုလ်မှန်သမျှ လွှတ်တော်ထဲသို့ စုပြုံဝင်ရောက်စေခြင်းဖြင့် လွှတ်တော်နှင့်စစ်တပ် အားမျှချေရှိစေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တပ်ကြီးတစ်ခုလုံးအား သူ၏ အလွန့်အလွန် ငယ်နိုင်ဖြစ်သော စစ်တက္ကသိုလ် အမှတ်စဉ် (၁၉)မှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ၀ကွက်အပ်ပြီး ကန့်လန့်ကာနောက်ကွယ်ကို အသာလျှိုဝင်သွားခြင်း ဖြစ်ချေတော့သည်။ သဘောကတော့ လွှတ်တော်နှင့် ခွာစစ်ဆင်။ အကြောင်းမလှရင် စစ်တပ်နှင့်ဝင်ဖို့ ခွထောက်ထောက်ထားခြင်း ဖြစ်သည်။ လွှတ်တော်နှင့်စစ်တပ်ကို တည်ထားပေးခဲ့ခြင်းဖြစ်သည်။ လမ်းကြောင်းတစ်ခုတည်းကို သွားခိုင်းခြင်း မဟုတ်ဘဲ လမ်း(၂)လမ်း ယှဉ်သွားခိုင်းနေသည့်သဘောပင်။
          ဦးသန်းရွှေကြီး လွှတ်တော်နှင့် ခွာစစ်ဆင်နေလျှင်လည်း ကျွန်တော်တို့က ပြောစရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာလူမျိုးများသည် အငြိုးအတေး အာဃာတ တရားများကို ရှေ့တန်းတင်တတ်သော လူမျိုးများ မဟုတ်ကြချေ။ ကောင်းမွန်သော ပြောင်းလဲမှုမျိုးသာ ဖြစ်ပါစေ။ အားလုံး သင်ပုန်းချေနိုင်သော အနေအထား ရှိပါသည်။
          သို့ရာတွင် ယခုလို လွှတ်တော်နှင့်စစ်တပ် တည်ပေးထားပြီး အင်အားချိန်ခွင်လျာညှိသည့် အခင်းအကျင်းကတော့ လွန်စွာအန္တရာယ် ကြီးလှသော အခင်းအကျင်းပင် ဖြစ်သည်ကို ကျွန်တော်မြင်သည်။ ဦးသန်းရွှေကြီး အသက်မည်မျှ ရှည်မည်နည်း။ ယနေ့ ဦးသန်းရွှေကြီး သေသွားသော် ပြဿနာမရှိ။ လက်ရှိ သမ္မတ အပါအ၀င် လွှတ်တော်ထဲက သူရဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ အပါအ၀င် အခြားဝန်ကြီးတော်တော်များများက ယခု တပ်ချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ စီနီယာများ၊ အင်အား ချိန်ခွင်လျှာ ထိန်းညှိနိုင်သည့် အနေအထား။ ထိုသို့မဟုတ်ဘဲ ဦးသန်းရွှေကြီး နောင် (၅)နှစ်ထဲမှ သေသည်ရှိသော် လွှတ်တော်ထဲမှ ယင်း၏စီနီယာများ အင်အားပါဝါ လျော့ပါးကုန်ဆုံးသွားသည့် အနေအထားတွင် ယခုတပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဘယ်လမ်းကို လျှောက်မည်နည်း။ စိတ်ဝင်စားဖို့ သင့်သော အလွန်တရာ စိုးရိမ်ဖွယ်ကောင်းသည့် လောင်းကြေးထပ်မှုတစ်ခု ဖြစ်သည်။ လောင်းကြေးအား မြန်မာနိုင်ငံ၏ အနာဂတ် တန်ဖိုးကြီးလွန်းလှသည်။
          နောင်(၅)နှစ်ဆိုသည့် အတိုင်းအတာတွင် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ စစ်တပ်အတွင်း အာဏာစိမ့်ဝင်နိုင်သော အနေအထားကလည်း အမှန်စိုးရိမ်ဖွယ်ရာပင်။ ယခု အနေအထားအရ တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်ချုပ်ဖြစ်နေသော်လည်း စစ်တပ်ကြီးတစ်ခုလုံးတွင် သူ၏ ငယ်နိုင်တစ်ဥိးမှ မရှိ။ မင်း “တုတ်” ဆွဲလျှင် ငါလည်း “ဓား”ဆွဲမည်ဟူသော ပုဂ္ဂိုလ်များသာ သူ၏ဘေးတွင် ၀န်းရံလျက် ရှိချေသည်။ သိပ်ပြီး မကွာလှပေ။
          သို့ရာတွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ရကတ တိုင်းမှူး၊ ဗိုလ်ချုပ်ထွန်းသန်းအား ဖိုးစိန်လမ်း မြေကွက်လာဘ်စားမှုဖြင့် ဖြုတ်ခဲ့ခြင်း။ ကစထ (၅)မှူး ဗိုလ်ချုပ်တင်ငွေအား မန္တလေး စည်ပင်မြေကွက် လာဘ်စားမှုဖြင့် ဖြုတ်ခဲ့ခြင်း၊ ရတခနှင့်နပခ တိုင်းမှူး ရာထူးယူခဲ့သော ဗိုလ်ချုပ် ထွန်းနေလင်းအား ဖြုတ်ခဲ့ခြင်းများအပြင် တိုင်းမှူးများကိုလည်း ရပခမှ ရကတသို့လည်းကောင်း၊ နတခ မှ ရတခ သို့လည်းကောင်း၊ ရတခ မှ နပခ သို့လည်းကောင်း အသီးသီး ပြောင်းရွှေ့မှုများကို ပြုလုပ်ခဲ့ခြင်းမှာ အတော်ကို ဘ၀င်မကျစရာ ကိစ္စများ ဖြစ်သည်။ လာဘ်စား၍ဖြုတ်သည်ဆိုလျှင် ကိစ္စမရှိ။ သို့တည်းမဟုတ်ပါဘဲ စစ်တပ်အတွင်း အာဏာသက်ရောက်မှု ကြီးမားစေရန် ခြေလှမ်းစနေခြင်း ဆိုလျှင်တော့ အလွန်စိုးရိမ်ဖွယ်ရာ အနေအထားပင် ဖြစ်သည်။ ယခုလည်း တိုင်းစစ်ဌာနချုပ်များသို့ တိုင်းခန်းလှည့်နေသည်။
          တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ယင်းခြေလှမ်းသည် မှန်သော် ၎င်း၏အနားတွင်ရှိသော ဒုတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း စသည့်ပုဂ္ဂိုလ်များအား အကြောင်းတစ်စုံတစ်ရာပြ ဖယ်ရှားမည် အမှန်ပင်ဖြစ်သည်။ ဤသို့ဖြစ်/မဖြစ်ကိုကား စောင့်ကြည့်ရမည့် အာဏာမြှင့်တင်မှု အစီအစဉ်ပင် ဖြစ်သည်။
          ယခုပင် သမ္မတကြီး၏ မြန်မာပြည်မြောက်ပိုင်းတွင်း အပစ်အခတ်ရပ်စဲရန် ညွှန်ကြားချက်ကို မနာခံဘဲ KIO နှင့်ဆက်လက်ထိုးစစ်ဆင်နေသည့်ကိစ္စများ ပေါ်ပေါက်လာချေပြီ။
          ဤသို့ဖြစ်ပေါ်နေမှုများ၏ နောက်ကွယ်ကြိုးကိုင်နေသူကား အခြားသူမဟုတ်ပြီ။ အနားယူသွားလေပြီ ဟူသော ဦးသန်းရွှေပင် ဖြစ်နိုင်ချေသည်။ အဘယ်ကြောင့်ဆိုသော် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် ယခုကာလတွင် မိမိသဘောဆန္ဒဖြင့် လွှတ်တော်အတွင်းမှ စီနီယာကို အာခံနိုင်သည့် အစွယ်ပေါက်မှုမျိုး မရှိသေးချေ။ တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏နောက်ကွယ်တွင် ဦးသန်းရွှေ အခိုင်အမာ ရပ်တည်နေသည်မှာ အတော်ကို သေချာလှသည်။
          လွှတ်တော်များ၏ ခြေလှမ်းများ အလှမ်းကျဲလာချိန်တွင် စစ်တပ်၏ကြိုးအား ဆွဲ၍သသိပေးနေသော သတိပေး ခေါင်းလောင်းသံပင် ဖြစ်သည်။ လွှတ်တော်နှင့် စစ်တပ်ဟူသော ကြိုး(၂)ချောင်းကို လိုသလို ကိုင်တွယ်၍ အသက်ကြီးသော်လည်း မပျက်စီးသေးသည့် ဦးသန်းရွှေပင် ဖြစ်ပေသည်။ စာရေးသူ ကြိုတင်ခန့်မှန်းကြည့်လိုပါသည်။ သမ္မတကြီး၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများ မကြာလှသော အချိန်အတွင်း အောင်မြင်ပြီးစီးသွားလိမ့်မည်ဟု တွက်ဆမိသည်။ စစ်တပ်ရှိနေကြောင်း လက်တို့သတိပေးလိုသော အရိပ်ကို ပြလို၍ KIO နှင့် ဆက်လက်ထိုးစစ်ဆင်ပြနေခြင်း ဖြစ်သည်။
          သို့တစေ ဦးသန်းရွှေကြီး မည်မျှ အသက်ရှည်နိုင်မည်နည်း။ သူတစ်ပါးအား နိမိတ်ဖတ်ခြင်း မဟုတ်။ သေချာသည်ကား ဦးသန်းရွှေ နောင် (၅)နှစ်ထက် ပိုအသက်မရှည်နိုင်။ ယင်း သေလွန်ပြီး စစ်တပ်ကြီး အထိန်းအကွပ် မရှိဘဲ ခြေဦးတည်ရာ လွင့်ထွက်သွားသည်ရှိသော် မြန်မာပြည်အနာဂတ် ဘာတွေဆက်ဖြစ်မည်နည်း။ စဉ်းစားဖွယ်ရာပင်။
          ဒီမိုကရေစီစနစ် ထွန်းကားပါသည်ဆိုသော ထိုင်းနိုင်ငံပင်လျှင် စစ်တပ်အာဏာ သိမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေသည်မှာ လက်တွေ့ပင်ဖြစ်သည်။ သို့ရာတွင် ထိုင်းစစ်တပ်သည် ဒီမိုကရေစီစနစ်နှင့် ကျင့်သားရနေသူများဖြစ်၍ အတိမ်းအစောင်းခံနိုင်သော်လည်း မြန်မာပြည်စစ်တပ်သည် ဒီမိုကရေစီစနစ်ဆိုသည်နှင့် “ငါတို့ကို နှိမ့်ချခဲ့၊ ချောင်ထိုးထားခဲ့၊ လူရာမသွင်းတော့မဲ့ စနစ်ကွ” ဟူသည့် အတွေးများသာ အရိုးစွဲနေကြသူများ ဖြစ်ပေသည်။
          သေချာသည်ကား ဦးသန်းရွှေကြီး ၎င်း၏အကျိုးစီးပွား တည်မြဲရေးအတွက် ပုံဖော်ထားသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်သည် လုံးဝရှင်းလင်းမှု မရှိသေးသည်ကား အမှန်ပင်။ အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်သော အနေအထားတွင် ရှိသည်။
          ထို့ကြောင့် အဘဦးသန်းရွှေအား အကြံပေးလိုသည်မှာ ကျွန်တော်တို့လူမျိုးသည် အငြိုးအတေး အာဃာတ ထားတတ်ကြသူများ မဟုတ်ကြပါ။ ကျွန်တော်တို့ နိုင်ငံကြီး နိုင်ငံတကာမှာ ၀င်ဆန့်တိုးတက်နိုင်ဖို့ကိုသာ ရွေးချယ်ပေးပါ။ ယခု အဘကိုင်ထားသော စစ်တပ်ကြိုးအား ကျေးဇူးပြု၍ လွှတ်ပေးလိုက်ပါတော့ဟုသာ မေတ္တာရပ်ခံလိုပါသည် ခင်ဗျာ။ သေလွန်သော် ဘာမျှ ယူမသွားနိုင်သော သင်္ခါရတရားကို အဘနားလည်ပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သေရင် ဘာမှယူမသွားနိုင်မယ့်အတူတူ မြန်မာပြည်ကြီးအတွက် ကောင်းမွန်တဲ့ မျိုးစေ့တွေ ချပေးခဲ့စေချင်ပါသည်။ အဘသေရင် ဘာဖြစ်မလဲဆိုတာ မသိပေမယ့် အဘမသေခင် အဘရဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ပြည်သူတွေ နိုင်ငံတကာမှာ မျက်နှာငယ် ကျန်ခဲ့ရရင်တော့ ဒါသိပ်မတရားလှဘူး ထင်ပါသည်။
          ရှင်းလင်းမှုမရှိတဲ့ လမ်းကြောင်းတစ်ခုဆိုတာ အစမှာ ဟုတ်သလိုလိုနဲ့ တစ်ချိန်မှာ အတိုက်အခိုက် အခက်အခဲတွေ ရှိလာမည်ဆိုတာ အသေအချာပါ။ အခုသွားနေတဲ့လမ်းကြောင်းဟာ ရှင်းလင်းမှုမရှိဘဲ ၀ှက်ဖဲတွေ အများကြီးနဲ့ဆိုတာလည်း အဘ အသိဆုံးဖြစ်မှာပါ။
          အဘ အခုလျှောက်ခိုင်းနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းလေးကိုလည်း ကျွန်တော်တို့ သဘောကျ ကျေနပ်ပါတယ်။ အမှောင်လမ်းက မီးပွင့်တစ်ခုပါ။ အဲဒီမီးပွင့်ကို ကြိုက်တဲ့အချိန် ပိတ်လို့ရတယ်ဆိုတဲ့ အတွေးနဲ့ တင်ထားတဲ့ မီးခလုတ်ပေါ်က လက်ကိုသာ ရဲရဲဖယ်လိုက်ပါတော့။ ကျွန်တော်တို့ ဒီမီးပွင့်လေးအားကိုးနဲ့ လမ်းစလျှောက်ဖို့ ပြင်နေကြဆဲမို့ပါ။ မြန်မာပြည်သူတွေကို စိတ်ကြိုက်လမ်းလျှောက်ထွက်ခွင့် ပေးလိုက်ပါတော့ အရမ်းကို နောက်ကျကျန်နေခဲ့ပြီမို့ သွက်သွက်လေးသာ လျှောက်ခွင့်ပေးလိုက်ပါတော့။

No comments:

Post a Comment