ဆောင်းပါးရှင် - ဝေဟင်
၂၀၁၁ စက်တင်ဘာလနဲ့ အောက်တိုဘာ ကာလတွေဟာ မြန်မာ့နိုင်ငံရေးမှာ
အပြောင်းအလဲ တချို့ရှိခဲ့တဲ့ ကာလများပဲ ဖြစ်ပါတယ်။ တပ်မတော်အတွင်းမှာလည်း ကက ကြည်းရဲ့
လေးလပတ် အစည်းအဝေးကို စက်တင်ဘာလ ကုန်ရက်ထဲမှာ ထူးထူးခြားခြား ပြုလုပ်ခဲ့ပေမယ့် တခြား
ထူးခြားတဲ့ ပြောင်းလဲမှုများကတော့ မရှိခဲ့ပါဘူး။ ယခင်က ကြည်းလေးလပတ်ပြီးရင် ရေ၊ လေ နဲ့
ကျန်တပ်ဖွဲ့တွေရဲ့ လေးလပတ်တွေကို ဆက်လုပ်စမြဲ ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ အောက်တိုဘာလလယ်
ရောက်တဲ့အထိ မလုပ်ရသေးတာကတော့ ထူးခြားချက် ဖြစ်နေပါတယ်။
လေတပ်ထဲမှာလည်း ထူးခြားသော ပြောင်းလဲမှု၊
တိုးတက်မှုအတွက် ရင်ဖွင့်သံတွေကသာ တနေ့တခြား ကျယ်လောင်စွာ ကြားနေရတာပဲ ပိုလာပါတယ်။ ၂၀၀၉
ခုနှစ် ကာလများဆီက “ဝေဟင်” ဆိုတဲ့အမည်နဲ့ လေတပ်သားတို့ရဲ့ ရင်ဖွင့်သံတွေကို “စည်းလုံးခြင်းရဲ့ အင်အား” (လေတပ်သားတို့အခေါ်
ဖိုးတရုတ် သို့မဟုတ် တရုတ်ကြီး) ရဲ့ စာမျက်နှာများထက်မှာ တင်ပြပေးခဲ့ပါတယ်။ အဲဒီနောက်
အကြောင်းကြောင်းတွေကြောင့် လေတပ်နဲ့ ဝေးကွာသွားခဲ့သော်လည်း လေတပ်သား ညီနောင်များစွာရဲ့
ရင်ဖွင့်သံ တင်ပြချက်တွေကို ဆက်လက်မြင်တွေ့နေရတာမို့ အဲဒီထဲက အဆင်မပြေမှုတွေ၊ မတရားမှုတွေ၊
မမျှတမှုတွေ၊ မညီမျှမှုတွေအပေါ် အကြီးအကဲများမှာ ပြုပြင်ဆောင်ရွက်ပေးပြီး ဖြစ်နေလောက်ပြီလို့
ယူဆထားခဲ့ပါတယ်။
၂၀၀၉ မှ ၂၀၁၁ ကာလအတွင်းမှာ ရင်ဖွင့်သံဆောင်းပါးများရဲ့
အကျိုးဆက်အဖြစ် အရာရှိအချို့ တပ်မတော်မှ နှုတ်ထွက်စေခဲ့ရတာ၊ ပြောင်းရွှေ့ခံရတာ၊ အပြစ်ရှာဖိနှိပ်တာကြောင့်
မိသားစုပြိုကွဲ ဘ၀ပျက်ရတာ စသောစသော သတင်းများအား စိတ်မကောင်းစွာ ပြန်လည်ကြားသိခဲ့ရပါတယ်။
တပ်မတော် (လေ)ရဲ့ ကောင်းရာကောင်းကျိုးအတွက် ဖြစ်ရပ်မှန်များအား တင်ပြခြင်းအပေါ် နားလည်မှုလွဲမှားစွာ
အပြစ်ယူနှိပ်ကွပ်ခဲ့သော အကြီးအကဲများ၏ လုပ်ရပ်နှင့် ခံစားခဲ့ကြရတဲ့ ညီနောင်များအတွက်
စိတ်မကောင်းခြင်းကြီးစါာ ဖြစ်ခဲ့ရသလို ရင်ဖွင့်သံများအား လက်ရှိတပ်ချုပ် ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်အနေဖြင့် တနည်းတဖုံ စဉ်းစားပေးနိုင်လိမ့်မည်ဟု ယူဆမိသောကြောင့် “စည်းလုံးခြင်းရဲ့ အင်အား” စာမျက်နှာများထက်သို့
ပြန်လည်ဝင်ရောက် လာခဲ့မိပါတယ်။
အုပ်ချုပ်ခံအောက်ခြေအဆင့် အရာရှိ/စစ်သည်များနှင့်
မိသားစုများ၏ ရင်ဖွင့်ချက်များက စာမျက်နှာများထက်တွင် ပြည့်နှက်နေပြီး ဖြစ်သလို လက်ရှိတပ်တွင်း
အခြေအနေများကို ထင်ဟပ်ပြီးဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် ထူးထူးခြားခြား ပြောနေစရာ
လိုတော့မည် မဟုတ်ပါ။ ထိုထဲမှာ အုပ်ချုပ်မှုနေရာယူထားကြသော အုပ်မှူး/တပ်မှူး/ဌာနမှူးများ၏
ရင်ဖွင့်သံများကို တင်ပြပေးလျှင် ပိုမိုထိရောက်မည်ဟု ယူဆသောကြောင့် မျှော်လင့်ချက်
အသီးသီးဖြင့် ဒုမှူးကြီးအဆင့်တွင် တာဝန်ယူနေကြသော ညီနောင်များနှင့် ဆက်သါယ်ပြောကြားရင်း
ရင်ဖွင့်သမျှကို တင်ဆက်လိုက်ရပါသည်။
တပ်မတော်(လေ)တွင် ခြေလျင်တပ်များနှင့်မတူသော
အခြေအနေ၊ ဖွဲ့စည်းမှုတို့ရှိသည်ကို သိရှိကြပြီး ဖြစ်ပါသည်။ လေတပ်စခန်းဌာနချုပ်တစ်ခုတွင်
ပျံသန်းရေးအုပ် အနည်းဆုံးတစ်ခု၊ နှစ်ခုနှင့်အတူ အုပ်ချုပ်ရေးတပ်၊ စက်မှုလက်မှုတပ်တို့ရှိသလို
လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲရေးဌာနနှင့် လေကြောင်းညှိနှိုင်းမှုကွပ်ကဲရေးဌာန တို့လည်း
ရှိပါသည်။ လေတပ်စခန်းဌာနချုပ်မှူးသည် ဗိုလ်မှူးချုပ်အဆင့်ဖြစ်ပြီး ဒုတိယလေတပ်စခန်းဌာနချုပ်မှူးသည်
ဗိုလ်မှူးကြီးအဆင့်ဖြစ်ပါသည်။ ကျန်အုပ်နှင့် ဌာနမှူးများသည် ဒုမှူးကြီးအဆင့်များ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအရ ဒုတိယလေတပ်စခန်း ဌာနချုပ်မှူးနှင့် ပျံသန်းရေးအုပ်မှူးများအကြားတွင်
အုပ်စုမှူး ဗိုလ်မှူးကြီးတစ်ဦး ရှိပါသေးသည်။
အုပ်စုမှူးမှာ အုပ်ချုပ်ရေးကိစ္စထက် ပျံသန်းရေးပိုင်းတွင်းသာ
တာဝန်ရှိပြီး လက်ရှိလေတပ်တွင် အုပ်စုမှူးများ ခန့်အပ်ထားခြင်း မပြုသည်မှာ ကြာမြင့်နေပြီး
၎င်းအစား Mig-29 နှင့် F-7 မှ အပွင့်တန်းတင်သော ဗိုလ်မှူးကြီး အုပ်မှူးများ၏ ရာထူးအသစ်
ပေါ်နေပါသည်။ လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲရေးဌာနနှင့် လေကြောင်းညှိနှိုင်းမှု ကွပ်ပဲရေးဌာနတို့ကို
ဒုမှူးကြီးတစ်ဦးတည်းက ပေါင်းကိုင်လေ့ရှိပြီး လေကြောင်းထိန်းဌာနကို ကွပ်ကဲခြင်း၊ လေယာဉ်များ
နေ့စဉ်ပျံသန်းမှုခေါက်ရေများ၊ လေယာဉ်ပျံသန်းမှုအချိန်များ၊ လေသူရဲဆိုင်ရာ ကိစ္စများနှင့်
ဦး(၁)နှင့် ဦး(၂)ဆိုင်ရာကိစ္စများအား ဆောင်ရွက်ရပါသည်။ လေယာဉ်ဆီလက်ကျန်နှင့် အုပ်များမှာ
ပျံသန်းလိုသည့်အခေါက်ရေ၊ လေယာဉ်ထွက်ရှိကောင်းမွန်မှုတို့အား ပျံသန်းရေးအုပ်များ၊ စက်မှုလုက်မှုတပ်နှင့်
ကက(လေ)တို့အကြား ညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းသည် မူလတာဝန်ဖြစ်ပါသည်။ ဌာနမှူးအမှန်ဆောင်ရွက်ရသည်မှာ
လေယာဉ်လှုပ်ရှားမှုများအား ဆက်သွယ်ရေးစက်မှတဆင့် လေကြောင်းထိန်းဌာနနှင့် လေယာဉ်တို့ ပြန်လှန်ပြောကြားမှု
မှန်သမျှကို စောင့်ကြည့်နားထောင်ကာ ပျံသန်းချိန်ကို စောင့်ကြည့်ခြင်းဖြစ်ပါသည်။
ပျံသန်းချိန်နှင့် ဆီသုံးစွဲမှုသည် လေတပ်စခန်း၏
အုပ်ချုပ်ထောက်ပံ့မှုအတွက် အသက်သွေးကြော ဖြစ်သလို တင်ပြလာမည့် ဆီသုံးစာရင်းမှ ရာခိုင်နှုန်းအချိုးအစားအလိုက်
လေတပ်စခန်းဌာနချုပ်မှူးမှအစ အောက်ခြေစစ်သည်များအထိ ခွဲတမ်းရယူမှုအပေါ် ပျံသန်းရေးအုပ်များမှ
လူလည်မကျနိုင်စေရန် အဓိကထား စောင့်ကြည့်ပါသည်။ ပျံသန်းမှုအန္တရာယ်ကင်းရှင်းရေးသည် ဒုတိယနေရာမှ
ဖြစ်ပါသည်။
မည်သည့်လေယာဉ်အုပ်မှ တင်ပြထားသော ပျံသန်းချိန်
(Duration)အတိုင်း ပျံသန်းလေ့မရှိပါ။ ဥပမာ - 50 မိနစ်ဟု ဖော်ပြထားသော အခေါက်သည် ၂၀
မိနစ်ပျံလျှင်ပင် အတော်လွန်နေပါပြီ။ ကျန်သော အချိန်နှင့်တွက်ချက်ကာ ကုန်ကျသောဆီ (ကျန်မိနစ်
၃၀ စာ)သည် ရောင်းဆီဖြစ်မည် ဖြစ်ပါသည်။ စာရင်းအရမူ အဆိုပါလေယာဉ်အမျိုးအစားအတွက် ၅၀ မိနစ်စာ
ကုန်ကျမည့် လေယာဉ်ဆီသည် လေ့ကျင့်ပျံသန်းပြီး ဖြစ်သည်ဟု ဖော်ပြနေပါသည်။
ထိုသို့သော အခြေအနေဖြစ်ပေါ်ရန် အတားအဆီးမှာ
လေယာဉ်စက်စနှိုးသည့်အချိန်မှ လေယာဉ်ပြန်ဆင်းပြီး စက်သတ်သည့်အချိန်အထိ လေယာဉ်သည် လေကြောင်းထိန်းဌာနနှင့်
ရေဒီယိုဆက်သွယ်မှု ဆောင်ရွက်နေရပါသည်။ ထိုဆက်သွယ်မှုကို Air Band Frequency 180 MHz အထက်
ဆက်သွယ်ဖမ်းယူနိုင်သော ဆက်သါယ်ရေးစက်များဖြင့် လေတပ်စခန်းဌာနချုပ်မှူးနှင့် လေကြောင်းညှိနှိုင်းမှု
ကွပ်ကဲရေးဌာနမှူးတို့မှ စောင့်ကာ Monitor လုပ်နေမြဲ ဖြစ်ပါသည်။ မူလခေါင်းစဉ်မှာ လေယာဉ်မတော်တဆ
ထိခိုက်မှုအန္တရာယ် ကင်းရှင်းရန် ဖြစ်သော်လည်း တစ်ပြိုင်တည်းပင် ပျံသန်းမှု ကြာမြင့်ချိန်ကို
သိရှိနေကြပြီးလည်း ဖြစ်ပါသည်။ ထိုသောအခါ လညက ဟု အတိုကောက်ခေါ်သော လေကြောင်းညှိနှိုင်းမှုကွပ်ကဲရေးဌာန၏
ဌာနမှူးသည် ပျံသန်းရေးအုပ်များအတွက် လေတပ်စခန်းမှူးပြီးလျှင် အရေးပါ အရာရောက်သော လူတစ်ဦးဖြစ်လာပါသည်။
အချိုးကျ ခွဲတမ်းအပြင် ဌာနမှူး လိုအပ်သမျှ
(မနက်စာ/နေ့လည်စာ/ဖုန်းဖိုး/အခြားသော အသေးစား အိမ်သုံးစရိတ်များ)ကို ပျံသန်းရေးအုပ်များမှာ
ဖြည့်ဆည်းပေးရလေ့ ရှိပါသည်။ သို့မဟုတ်ပါက ရာသီဥတု မကောင်းသောကြောင့် ပျံသန်းမှုခေါက်ရေ
လျှော့ပါ၊ သတ်မှတ်ပျံသန်းချိန်အတိုင်း ပျံပါ။ ဌာနချုပ်ရှိ လက်ကျန်ဆီနှင့် ပျံမည့်လေယာအမျိုးအစား/အခေါက်ရေများ
အချိုးမညီသောကြောင့် မည်သည့်အုပ်မှ လေယာဉ်များ ပျံသန်းမှုခေါက်ရေ လျှော့ပေးပါ စသောစသော
ပညာပေးမှုများအကြားတွင် ခံစားကြရပါတော့သည်။
ဒါကတော့ လညက ဌာနမှူးများအပေါ် ယေဘူယျအမြင်များဖြစ်ပြီး
လညက ဌာနမှူးများအဖြစ် တာဝန်ယူနေရသူများ၏ ရင်ဖွင့်သံများလည်း သူ့ဘက်ကကြည့်ပြန်တော့ တစ်မျိုးဖြစ်လို့
နေပြန်ပါသည်။ တပ်မတော်(လေ)မှ သာမန်အရာရှိ/စစ်သည် မိသားစုဘ၀များရဲ့ ရင်ဖွင့်သံများ ကြားသိရပြီးနောက်
အုပ်မှူး/တပ်မှူး/ ဌာနမှူးတို့ရဲ့ ခံစားချက် လေတပ်အတွင်း အခြေအနေများကို စုဆောင်းတင်ဆက်ပေးလျက်
ရှိရာမှာ ဒီတစ်ခါမှာတော့ လေတပ်စခန်းတစ်ခုအတွက် တထောင့်တနေရာကနေ အရေးမပါ့တပါ တာဝန်ရှိနေသော
လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာန (လညက) ဌာနမှူးများရဲ့အပေါ် အမြင်များနဲ့ သူတို့ရဲ့
ခံစားချက်အချို့ကို တင်ပြသွားပါ့မယ်။
လေကြောင်းညှိနှိုင်းမှုကွပ်ကဲရေးဌာန (လညက)ဌာနမှူးများအပေါ်
ပျံသန်းရေးအုပ်မှူးများက သူတို့အပေါ် ကျစ်နိုင်/ရစ်နိုင်ခွင့် Power ရထားသူမို့ နေရာပေးဆက်ဆံကြသော်လည်း
နောက်ကွယ်မှာတော့ အခက်အခဲများကို ကြိတ်ပြီး ဖြေရှင်းရတဲ့ အခြေအနေမျိုးအပါအ၀င် အမြင်အမျိုးမျိုးရှိနေတာကို
အုပ်လေသူရဲဘ၀ကနေ အဆင့်ဆင့်တိုးပြီး လေကြောင်းညှိနှိုင်းမှုကွပ်ကဲရေးဌာနမှူး ဖြစ်လာကြသူများမို့
ကောင်းကောင်းသိရှိနားလည်နေကြပါတယ်။ ဒါ့အပြင် (လညက) ဌာနမှူးရဲ့ အဖြစ်ကလည်း လေတပ်စခန်းမှူးရဲ့
အုပ်မှူးများအကြားမှာ အဆင်ပြေအောင် လေကြောင်းညှိနှိုင်းမှုစကားလုံးပီပီ ကြံဖန်ညှိနှိုင်းနေရတာကြောင့်
သူတို့နှစ်ဦးအကြား ညှပ်နေသော အသုံးချခံ Buffer တစ်ခုပါလို့ (လညက)ဌာနမှူးတစ်ယောက်က
ရင်ဖွင့်လာပါတယ်။
နေ့စဉ်ပြုလုပ်သော Flight Detail ခေါ် နောက်တစ်နေ့တာ
ပျံသန်းမည့် လေယာဉ်ခေါက်ရေ၊ ဆီလက်ကျန်နဲ့ လေယာဉ်များအခြေအနေကို လေတပ်စခန်းမှူးနှင့်
စက်လက်တပ်မှူး၊ ပျံသန်းရေးအုပ်မှူးများ ညှိနှိုင်းသည့်အစည်းအဝေးမှာ တကယ်တော့ လေတပ်စခန်းအတွက်
အခြားလိုအပ်သည်များကို ဖြည့်ဆည်းရန်ဆီများ ပြင်ပသို့ ရောင်းချနိုင်ရေးအတွက် ဆီများများချန်
ပျံသန်းပေးနိုင်မည့် လေယာဉ်အုပ်မှ လေယာဉ်ခေါက်ရေကို အတည်ပြုပေးသည့် အစည်းအဝေးသာလျှင်
ဖြစ်ပါတယ်။
(လညက)ဌာနမှူးအနေဖြင့် လေယာဉ်များ သတ်မှတ်ပျံသန်းချိန်အတိုင်း
မပျံသန်းခြင်းအပေါ် မသိချင်ဟန်ဆောင်ကာ ကွပ်ကဲမှုပေးနေရသလို၊ မတော်တဆမှု တစ်ခုခုဖြစ်လာပါကလည်း
၎င်းကိစ္စများနှင့် မပတ်သက်ရလေအောင် တာဝန်ယူဖြေရှင်းပေးဖို့ အမြဲပြင်ဆင်ထားရပါတယ်။ ကက
(လေ)နဲ့ စစ်ဆင်ရေး၊ လေ့ကျင့်ရေးကိစ္စများ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရတာကြောင့် တာဝန်ရှိမှုနဲ့
တာဝန်ယူရမှုအပေါ် ပျံသန်းရေးအုပ်များမှ ထောက်ပံ့ရတာဟာ မျှတတယ်လို့ တကယ်တမ်းတာဝန်ယူရတဲ့အခါမှာ
ခံယူလာမိတယ်လို့ ဆိုပါတယ်။ ကြည်းတပ်က ဖြစ်စဉ်တစ်ချို့နဲ့ နှိုင်းယှဉ်ကြည့်ရရင် ကြည်းတပ်က
ညီအစ်ကိုအရာရှိများ ပြောကြားချက်အရ သူတို့ရဲ့တပ်တွေမှာ စက်သုံးဆီများကို ရောင်းစားနိုင်ရေးအတွက်
ဝါးတီးတပ် (ယာဉ်နေ့စဉ် ခရီးစဉ်နှင့် သုံးစွဲမှု စက်သုံးဆီ) မှာ ကားတွေခရီးလမ်းကြောင်း
ဆွဲဆန့်ကာ မိုင်နှင့် သုံးစွဲသည့် စက်သုံးဆီ အသုံးပြပြီး ကားတွေကို ရပ်ထားတာတွေ၊ တိုက်ပွဲဖြစ်ပြီဆိုရင်
စာရွက်ပေါ်မှာ တိုက်ပွဲအဖြစ်ပြပြီး လက်နက်ကြီး ဘယ်နှစ်လုံးဖြင့် ပတ်ခတ်လိုက်တယ် ဆိုတာ
တပ်ရင်းမှာ အရေးပေါ်သုံးစွဲလို့ရအောင် တရားမ၀င် ချန်ထားတာကို သိရပါတယ်။
လူစွမ်းကောင်းအုပ်မှူးများက လေတပ်စခန်းဌာနချုပ်မှူး
ချမှတ်တဲ့ အခေါက်ရေထက် တိုးပြီးပျံသန်းချင်တာ၊ Fighter လုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာလို့
စိတ်မထိန်းနိုင်တာတွေ၊ ကက (လေ) စစ်ဆင်ရေးနဲ့ ညှိပြီး ပျံသန်းခွင့် တောင်းလာတဲ့အခါမျိုးတွေမှာ လညကမှူးရဲ့ ဘ၀ဟာ အတော့်ကို
စိတ်ညစ်ရပါတော့တယ်။ လေတပ်စခန်းဌာနချုပ်မှူးရဲ့ နီးရာဓားကြောက်ရသလို မလုပ်ပေးခဲ့လို့ရှိရင်
တောင်းဆိုနေတဲ့ လူစွမ်းကောင်းအုပ်မှူးရဲ့ အညိုညင်ခံရပြီး သူတစ်နေ့ လေတပ်စခန်းမှူးသော်လည်းကောင်း၊
စစ်ဦးစီးဗိုလ်မှူးကြီးသော်လည်းကောင်း၊ ဖြစ်လာချိန်မှာ နှိပ်ကွပ်ခံရမယ့် အနာဂတ်ကိုလည်း
တွေးကြောက်ရပါသေးတယ်။ စီမံကိန်းချ ပျံသန်းချိန် (PlanFlyingHour) တွေကို လေးလပတ်မှာ
ဘယ်လိုပဲ ဆုံးဖြတ်အတည်ပြုထားပါစေ၊ ပို/လို ဆိုတဲ့ (သားရေကွင်းလို) ပျံသန်းချိန်ဆောင်ရွက်လို့ရတာမို့
လေတပ်စခန်းရဲ့ အုပ်ချုပ်မှုလိုအပ်ချက်အရ၊ (ဆီသာရှိနေပါစေ) ညှိနှိုင်းပျံသန်းနေကြတာက ထုံးစံဖြစ်နေခဲ့ပါပြီ။
ဒီလိုအခြေအနေတွေကြောင့် ယခင်က လညက ဌာနမှူးတွေကို
Senior များသာ တာဝန်ပေးပြီး၊ အုပ်မှူးပါးလည်းဝနေ၊ အုပ်ချုပ်ရေးတပ်မှူးလောက်လည်း ပေးမစားစေလိုသော၊
လေတပ်စခန်းဌာနချုပ်မှူးလည်း မဖြစ်နိုင်လောက်တော့သော သူမျာူးကိုသာ ခန့်ထားခဲ့ပြီး၊ နောက်ပိုင်းတွင်မူ
တက်လမ်းရှိသူများအား ပြောင်းလဲခန့်အပ်လာပါသည်။ အကြောင်းမှာ လမ်းဆုံးနေသူများဆိုပါက
လေတပ်စခန်းဌာနချုပ်မှူးများ၏ အလိုအတိုင်း မဖြစ်လာဘဲ အုပ်မျူးများနှင့်ပေါင်းကာ လှည့်စားကြသောကြောင့်
တက်လမ်းရှိသူများအနေဖြင့်ဆိုလျှင် အပေါ်မှပေးသည့်အမိန့်အတိုင်း တသွေမတိမ်း ဆောင်ရွက်ကြသောကြောင့်
ဖြစ်ပါသည်။
ယခင်က ရာထူးတိုးတက်လမ်းမရှိတဲ့ အရှိရှိများကိုသာ
လညကဌာနမှူးများအဖြစ် တာဝန်ပေးထားရမှ ပြောင်းလဲလာပြီး ၂၀၁၁ ခုနှစ်အတွင်း ဒုဗိုလ်မှူးကြီး
အပွင့်တက်ထားပြီးတဲ့သူများအား လညကဌာနမှူးများအဖြစ် ရာထူးပေးခန့်ထားခြင်းက ပိုမိုထင်ရှားစေခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ အရာရှိသင်တန်းများသို့ သင်တန်းသားစေလွှတ်ခြင်း၊ လေသူရဲကများရဲ့ ပျံသန်းချိန်ဆိုင်ရာကိစ္စများ၊
လေယာဉ်များရဲ့ ပျံသန်းမှုကိစ္စရပ်များ၊ လေယာဉ်ကြုံလိုက်ပါစီးနင်းခွင့် ကိစ္စရပ်များကိုပါ
လညကဌာနမှူးရဲ့ လုပ်ပိုင်ခွင့်အာဏာအတွင်း တိုးတက်ရရှိနေပေရာ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ
ရပိုင်ခွင့်များအား စိတ်တိုင်းကျ ကိုင်တွယ်စီမံခွင့်ရှိသော အုပ်မှူး/တပ်မှူး တစ်ဦးမဟုတ်သည့်တိုင်
သွယ်ဝိုင်ရရှိခံစားရပြီး တာဝန်ယူမှုနှင့်လျှော်ညီတဲ့ အခွင့်အရေးတို့ကြားမှ ဒုမှူးကြီးတစ်ဦးအဖြစ်ဖြင့်မူ
နေသာထိုင်သာ ရှိလာပါကြောင်း ဆိုပါတယ်။
ဆက်လက်ပြီး တပ်မှူး Level နောက်တစ်ဦးရဲ့
ခံစားချက်ကို တင်ပြရရင် လေတပ်စခန်းတစ်ခုလုံးရဲ့ အသက်ဆက်ရာ စက်သုံးဆီ၊ ရိက္ခာ များအပါအ၀င်
အုပ်ချုပ်မှုကိစ္စအ၀၀ကို ကိုင်တွယ်ထားရတဲ့ အုပ်ချုပ်ရေးတပ်မှူးများရဲ့ အခြေအနေကို ရင်ဖွင့်ပါမယ်။
ယခင်က လေတပ်သားတို့ ရင်ဖွင့်ခဲ့ပြီးဖြစ်တဲ့ ဆောင်းပါးများမှာ အုပ်ချုပ်ရေးတပ်အောက်မှာ
ပါဝင်သောဌာနများကို သိခဲ့ကြလောက်ပြီးပြီမို့ တပ်မှူးတွေရဲ့ အနေအထားကိုပဲ ပြောပါတော့မယ်။
ညီနောင်အရာရှိများရဲ့ “ဖရိုဖရဲ အလဲလဲ အကွဲကွဲ” ဆိုတဲ့ ဆောင်းပါးနဲ့
“ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ” ဆောင်းပါးများဟာ လက်ရှိ တပ်မတော်(လေ)ရဲ့ အုပ်ချုပ်ရေးတပ်ရဲ့
အနေအထားကို မြင်သာစေမှာပါ။ ယခင်ကတော့ အုပ်ချုပ်ရေးတပ်မှူးများဟာ အလွန် Senior ကျသော
လေသူရဲအိုကြီးများကို နေရာပေးထားခဲ့တာဖြစ်ပြီး ဓားသွားထက်က ပျားရည်စက်များလို့ ဆိုရမယ့်
အုပ်ချုပ်မှုအထောက်အပံ့များကို လေတပ်စခန်းဌာနချုပ်မှူးများက တဆင့်ခံစားသုံးနေခဲ့ကြပါတယ်။
နောက်ပိုင်းကာလများမှာတော့ အဲဒီအဆင့်ကို မတင်းတိမ်နိုင်တော့ဘဲ လေတပ်စခန်းဌာနချုပ်မှူးများဟာ
ကိုယ်တိုင်စီမံနိုင်မှု နည်းလမ်းများကို ရှာကြံလာကြတာမို့ Junior ကျသော အုပ်ချုပ်ရးတပ်မှူးအများစုဟာ
အမည်ခံလောက်သာရှိတော့ပြီး လေတပ်စခန်းမှူးကသာ Boss အဖြစ် သူ့ခြေသူ့လက် စီမံခန့်ခွဲနေကြတာဖြစ်ကြောင်း
ရင်ဖွင့်လာပါတယ်။
ယခင်က မော်တော်ယာဉ်သုံးစွဲမှုအတါက် 658 ပုံစံနဲ့
မော်တော်ယာဉ်အရာရှိထံ တင်ပြကြရပါတယ်။ တနေ့စာ ယာဉ်စီမံမှုကို Detail Incharges အရာခံတစ်ယောက်က
ပြုလုပ်ပြီး အုပ်ချုပ်မှုဆီခွဲတမ်းနဲ့ အသုံးပြုမှုတို့ အ၀င်အထွက်ကို ဆောင်ရွက်ကြရပါတယ်။
တော်ရုံအခြေအနေနဲ့ အုပ်ချုပ်ရေးတပ်မှူးက ၀င်တောင်မကြည့်ပါဘူး။ ယာဉ်ပြင်ဆင်မှုနဲ့ အခြားသော
အသေးစား အုပ်ချုပ်မှုအစီအမံများကို မော်တော်ယာဉ်အရာရှိဖြစ်တဲ့ ဗိုလ်မှူး (သို့မဟုတ်)
ဗိုလ်ကြီးကသာ နည်းလမ်းတကျ ဆောင်ရွက်သွားပြီး တစ်လစာထဲကမှ အပိုအလျှံတွေကို စာရင်းချုပ်ပြီး
အုပ်ချုပ်ရေးမှူးထံ တင်ပေးလိုက်တာပါပဲ။
အဲဒီအဆင့်ကျမှ တပ်မှူးက လေတပ်စခန်းဌာနချုပ်မှူးထံ
မော်တော်ယာဉ်မှ ဆီအပိုဖြင့် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နိုင်မှု အခြေအနေကို ဆက်အပ်လိုက်တာ
ဖြစ်တယ်။ တပ်ရဲ့လိုအပ်ချက်ထက် မလျှော့သမျှ လုပ်ငန်းအဆင်ပြေနေအောင် ဖြတ်သင့်တာ၊ ယူသင့်တာတွေ
ယူထားပြီး နောက်ဆုံးအကျန်ကို လေတပ်စခန်းဌာနချုပ်မှူးထံ အပ်လိုက်တဲ့သဘောပါပဲ။ ဝေစားမျှစားကြသလို
တပ်ရဲ့ယာဉ်လိုအပ်ချက်ဖြစ်တဲ့ ကျောင်းကား၊ ဈေးကား အပါအ၀င် အုပ်ချုပ်မှုကိစ္စ ယာဉ်သုံးစွဲမှုတွေမှာ
အသံမထွက်အောင် စီမံနိုင်ခဲ့ကြတယ်။
လက်ရှိအနေအထားမှာတော့ မော်တော်ယာဉ်အရာရှိနဲ့
အုပ်ချုပ်ရေးတပ်မှူးဆိုတာ မော်တော်ယာဉ်မှ ဆီနဲ့ ယာဉ် Detail ကိုတောင် ထိခွင့်မရှိတော့တဲ့
လေတပ်စခန်းတွေ များလာပါပြီ။ လေတပ်စခန်းဌာနချုပ်မှူးကိုယ်တိုင် စီမံကွပ်ကဲနေတာမို့ ဆီထုတ်လာပြီးချိန်မှာ
ကြိုတင်ရောင်းပစ်ခိုင်တာကြောင့် လတ၀က်လောက်တင် ဒီဇယ်မကျန်တော့တာ၊ ဓာတ်ဆီကုန်နေတာ၊ ဓာတ်ဆီနဲ့
ဒီဇယ် ဖလှယ်သုံးရတာ စတဲ့ အထူးအဆန်းစကားတွေ ကြားနေရပါတယ်။
မိသားစုဝင် ၂၀၀ လောက်ရှိတဲ့တပ်မှာ ဈေးကားအဖြစ်
လန်ဂျန်းတစ်စီးထဲကို တပတ်မှာ စနေတစ်ရက်ပဲ ပေးနေရတဲ့အခြေအနေမှ ၂ ပတ်မှ တစ်ခါလောက်ပဲဖြစ်သွားတာ၊
အရာရှိ စစ်သည်သင်တန်းတက်၊ ကြိုပို့စတာတွေမှာ ဗိုလ်မှူးအဆင့်အောက်ဆို ကားမစီစဉ်ပေးတာ၊
လမသလို တပ်ကနေသာစည်ဘူတာ သွားရမယ့် စစ်သည်သင်တန်းဆင်းများမှာ မိမိအစီအစဉ်ဖြင့် ဆီထည့်ရပြီး
ကားချည်းပဲပေးတာ၊ ပျံသန်းရေးအုပ်များမှ လိုအပ်လို့ ကားတောင်းခဲ့ရင် ကားပဲပေးပြီး ဆီမပေးတာ
စသောစသော တပ်မတော်ရဲ့ ဘယ်လုပ်ထုံးလုပ်နည်းမှာမှ မပါသော လုပ်ငန်းစဉ်များ ဖြစ်နေပါတယ်။
အောက်ခြေက ပူညံပူညံ အသံတွေကို အနီးကပ်ဆုံးရှိနေတဲ့ အုပ်ချုပ်ရေးတပ်မှူး တစ်ယောက်အနေနဲ့
သိနေကြားနေရသလို တာဝန်ရှိနေပေမယ့်လည်း လုပ်ပိုင်ခွင့်ကို လေတပ်စခန်းဌာနချုပ်မှူးက အလုံးစုံ
စီမံနေတာမို့ အောက်ခြေကို ချပြလို့ကလည်းမဖြစ်၊ ကိုယ်တိုင်ကလည်း ဖြေရှင်းမပေးနိုင်နဲ့
အတော်ခက်ခဲသော အခြေအနေများဖြစ်ပါတယ်။ လေတပ်စခန်းဌာနချုပ်မှူးအနေနဲ့ကျတော့ “ငါဒီလဘယ်လောက် လိုချင်တယ် အုပ်ချုပ်မှုဆီထဲက ဘယ်လောက်ရောင်းလိုက်”
ဆိုပြီး တပါတည်း တွက်ချက်အမိန့်ပေးလိုက်တာမို့ အောက်ကလူတွေ အမြင်မှာတော့ အုပ်ချုပ်ရေးတပ်မှူးက
ဆီတွေကို လဆန်းကတည်းက ရောင်းထုတ်လိုက်တာလို့ အထင်အမြင် လွှဲမှားခံရပါတော့တယ်။
နောက်တစ်ခုက အုပ်ချုပ်မှုကိစ္စနှင့်စပ်လျဉ်းပြီး
အထက်အဖွဲ့အစည်းများနဲ့ သက်ဆိုင်ပါတယ်။ ယာဉ်ပြင်ဆင်စရိတ်နဲ့ တာယာတွေ ဘက်ထရီတွေကိစ္စနဲ့ပတ်သက်လို့
တင်ပြချင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ယာဉ်ပြင်ဆင်စရိတ်နဲ့ အပိုပစ္စည်းတွေကို
ချမပေးနိုင်တဲ့အခါ သက်တမ်းကြာမြင့် အိုဟောင်းနေတဲ့ကားတွေ ဘယ်မှာ Serviceable ဖြစ်ပါတော့မလဲဆိုတာ
စဉ်းစားကြည့်စေချင်ပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ရအောင်ကလည်း ပိုထွက်လာမယ့်ဆီတွေကို
လေတပ်စခန်းဌာနချုပ်မှူးက အပိုင်သိမ်းပိုက်ထားတာမို့ မော်တော်ယာဉ်အရာရှိနဲ့ တပ်မှူးလက်ထဲမှာ
Play စရာဘာမှာ မရှိတော့ဘဲ တုံးခုပြီး ဂိုဒေါင်ထဲမှာ ထားရတာ ယာဉ်အိုဟောင်းများက များလာပါတယ်။
ဒါကမော်တော်ယာဉ်ရဲ့အခြေအနေ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ဒီထက်အသေးစိတ် ပြောပြတာတွေ
တင်ပြရရင် ရင်ဖွင့်တဲ့ အုပ်ချုပ်ရေးတပ်မှူး ဘယ်သူဆိုတာ သိသာမှာမို့ ယေဘုလျပဲ တင်ပြလိုက်ပါတယ်။
နောက်တစ်ခုက စစ်သည်တွေရဲ့ ထမင်းအိုးဖြစ်တဲ့
ရာရှင်လို့ခေါ်တဲ့ ရိက္ခာကိစ္စကို တင်ပြချင်ပါတယ်။ လူအင်အားများလေ ရိက္ခာမှ ပိုလျှံထွက်ရှိမှုများလေ
ဖြစ်ပါတယ်။ ဒါပေမယ့် လူကြီးတစ်ယောက် တပ်စစ်လာရင် ဧည့်ခံစရိတ်က ကျပ် (၃)သိန်းထက်မနည်း
ကုန်ကျပါတယ်။ စစ်သည်များစားသောက်တဲ့အတိုင်း လက်ခံတယ်ဆိုတဲ့ ဗိုလ်ချုပ်အထက် VIP ဆန်၊
ဆီနဲ့ နေ့စဉ် ဟင်းချက်စရာကအစ ရိက္ခာဌာနမှ ၀ယ်ပေးစေလိုသော လေတပ်စခန်းမှူးရဲ့
Requirement ရှိလာသောအခါ ဆန် (၆)လုံးတပြည်နှင့် ဆီရေသန့်တစ်ဗူး (၅၀)ကျပ်သားဆိုသော အချင်အတွယ်များ
ဖြစ်လာရပါတယ်။ တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ ဒါဘာလိုနေရာမှာ ထိပ်စည်းစားပွဲမှ စခန်းဌာနချုပ်မှူးကြီးတစ်ယောက်
မိန့်မိန့်ကြီးထိုင်ပြီး လေတပ်စခန်းမှ မိသားစုများအား ရိက္ခာကို တိတိကျကျ ချိန်တွယ်ပေးရန်
လို့ အသံကောင်းဟစ် အမှတ်ယူကာ အမိန့်ပေးနေချိန်မှာ အုပ်ချုပ်ရေးတပ်မှူးနှင့် ရိက္ခာဌာမတာဝန်ခံအရာရှိတို့မှာ
မျက်နှာသေလေးများနဲ့ ဟုတ်ကဲ့လို့ လိုက်ကြရပါတယ်။
ဒါပေမယ့် လေတပ်စခန်းဌာနချုပ်မှူးအိမ်သို့
ဖြည့်ဆည်းပေးထားရမှုများအတွက် လိုသောအရာများမှာ ပဒေသာပင်မှ ရသည်မဟုတ်သောကြောင့် ပေါ်ဆန်းမွှေးတစ်အိတ်ရရန်အတွက်
ရောင်းထုတ်လိုက်ရသော စစ်သည်ရိက္ခာဆန် (၃)အိတ် စသောသော ထောင်နှုတ်ခမ်းထက်မှ စွန့်စားရမှုများကို
အောက်ခြေမှ အရာရှိ/စစ်သည် မိသားစုများ သိစေချင်ပါတယ်။
ထိုသို့သော အခြေအနေများတွင် အုပ်ချုပ်ရေးတပ်မှူးဟာ
နာမည်အပျက်ဆုံး ဖြစ်ပါတယ်။ ဆီကိုင်သောလက် ဆီပေသည်ဟု ဆိုကြစေကာမူ မိသားစုနှင့် မိမိအတွက်လည်း
စုဆောင်းရှာဖွေရဦးမည်ဆိုသော လူရဲ့အတ္တစိတ်ကြောင့် တာဝန်ယူမှုနှင့်ထိုက်တန်သော အကျိုးအမြတ်ကို
လိုချင်သည်မှာ သဘာဝဖြစ်ပါတယ်။ သို့သော် တပ်မှူးဘ၀မှာ မြင်သာမြင်ရ မကြင်ရသည့် မစားရအညှော်ခံအဖြစ်များက
များလာသောအခါ နည်းလမ်းရှာဖွေ လာကြပါတော့တယ်။ ဆီနှင့် ရိက္ခာက ရသမျှကို လေတပ်စခန်းမှူးက
ထိန်းချုပ်ထားချိန်တွင် တပ်တွင်း စစ်တန်းလျား ရုံးအဆောက်အဦ ရိက္ခာဂိုဒေါင်တွေကို
GE မှ ဘတ်ဂျက်ကျလို့ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာ အဲဒီ GE တပ်များမှ အုပ်ချုပ်ရေးတပ်မှူးတို့အဖို့
အနည်းငယ် စားကွက်ကျန်သည်ဟု ဆိုပါတယ်။
GE ၀န်ထောက်များနှင့် လေတပ်စခန်းဌာနချုပ်မှူး
မသိရန် ဘယ်ညာညှိသော လုပ်ငန်းများဖြင့် ထွက်ပေါက်ရှာကြပါတယ်။ အသေးစိတ်ကိုတော့ မတင်ပြတော့ပါ။
ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဆောင်းပါးမှ တပ်မှူးရဲ့ လုပ်ဆောင်မှုမျိုးအတိုင်းသာ
ဖြစ်ပါတယ်။
နောက်ထွက်ပေါက်တစ်ခုမှာ စစ်သည်စားရိပ်သာ
ဖြစ်ပါတယ်။ လူပျိုစစ်သည် ၁၀၀ မျှရှိသော တပ်တစ်တပ်ရဲ့ ရိပ်သာ (၃)မှ အပိုဝင်ငွေမှာ ကျပ်
(၃)သိန်းထက်မနည်း ရှိနေပါတယ်။ ၎င်းမှာ ဆန်၊ ဆီ နှင့် နို့ဆီအပြင် ရိက္ခာစိုငွေကို အပြည့်အဝ
မသုံးဘဲ စားရရုံ ချက်ပြုတ်ကျွေးခြင်းမှ အပိုထွက်လာခြင်း ဖြစ်ပါတယ်။ ထိုအချက်ကို အမိအရ
ဆုပ်ကိုင်ရင်း အုပ်ချုပ်ရေးတပ်မှူးများဟာ လေတပ်စခန်း ဌာနချုပ်မှူးရဲ့ အိမ်လိုအပ်ချက်ကို
ရိက္ခာမှ ဖြည့်ဆည်းသည့်နည်းတူ တပ်မှူးအိမ်ရဲ့ လိုအပ်ချက်ကို ရိပ်သာ(၃)မှ ဖြည့်ဆည်းစေပါတယ်။
ဒါပေမယ့် အချို့သော လေတပ်စခန်းများတွင်မူ ရိပ်သာ (၃)ကိုပါ လေတပ်စခန်းဌာနချုပ်မှူးက
တိုက်ရိုက် ကိုင်လိုက်သောကြောင့် အုပ်ချုပ်ရေးတပ်မှူးမှာ နာမည်သာပျက်ပြီး ပုံမှန်ခွဲတမ်းမျှနှင့်
ရပ်တည်နေရသော ရုပ်သေးတပ်မှူးများလည်း ရှိပါသေးတယ်။
အုပ်ချုပ်ရေးတပ်မှူးရဲ့ အခြားသောထွက်ပေါက်အဖြစ်
ငွေစာရင်းခေါင်းစဉ်အောက်မှ ဖြစ်ပါတယ်။ ဖွတ်မိကျောင်းဖြစ်၊ မြစ်မချမ်းသာမှ တပ်မှူးကဲ့သို့
လုပ်ရဲပါက လုပ်နိုင်ခွင့်များ ရှိပါတယ်။ တပ်ပြေး မကြေငြာသေးဘဲ စစ်သည်များရဲ့ လစာ၊ စရိတ်များ
သုံးခြင်း၊ တပ်ပိုင်ဧရိယာအတွင်းမှ စိုက်ပျိုးရေးလုပ်ငန်း မြေယာနှင့် သီးပင်စားပင် အကျိုးအမြတ်များအား
လေတပ်စခန်း ဌာနချုပ်မှူးထံ အပြည့်အ၀ မတင်ဘဲ ချန်လှပ်သုံးစွဲခြင်း စသော တိုးထွက်နိုင်သမျှ
အပေါက်များမှ တိုးထွက်ကြခြင်း နည်းလမ်းများကို ရှာကြံကျင့်သုံးနေကြပါတယ်။
ထိုသောအခါ အခြေအနေအရ ရသမျှ ကျုံးရသောအခါ
လက်တဆုံးနှိုက်ကြရသောကြောင့် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်ရပြီး ဝေမျှမစားနိုင်တော့ပါ။
အစကပင် အုပ်ချုပ်ရေးတပ်မှူးဟူသည် တရားဝင်စားသောက်ခွင့် ရထားသူဟူသော အမြင်ရှိကြပေရာ
ဆုပ်ဆူး၊ စားရူး ဘ၀မှန်ကို အမှန်အတိုင်း မသိကြသူများကြောင့် ရင်လည်းမဖွင့်ရဲ၊ ပြောလည်းပြောပြချင်ဖြင့်
အတော်ကသိကအောက်ဖြစ်ကြရသည်ဟု ဆိုပါတယ်။
သို့သော်လည်း တပ်ပြင်မှာမူးလဲသော စစ်သည်ကို
သွားရောက်ခေါ်ယူရသည်မှသည် မူးယစ်ရမ်းကားလို့ ချုပ်ထားသော ရဲစခန်းမှစစ်သည်အား သွားရွေးရသည်မှအစ
တပ်ရဲ့အုပ်ချုပ်မှုကိစ္စအ၀၀တွင် နေ့ရောညပါ
တာဝန်ရှိနေသည်နှင့်တန်အောင် ရရှိခံစားထိုက်သည်များကို အလိုအလျောက်ရော၊ တိုက်ခိုက်၍ပါ
ရယူခြင်းသည် အုပ်ချုပ်ရေးတပ်မှူးတို့ရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါသည်ဟု ဆိုပါတယ်။ ပုံမှန်လုပ်ဆောင်မှုများအပြင်
တိုင်းကရော၊ ကက (လေ)ကပါ ခိုင်းသည့် မည်သို့မှ လေတပ်နှင့် အဆီအငေါ် မတည့်သော အုပ်ချုပ်မှုလုပ်ငန်းများ၊
ပြန်တမ်းများ၊ စည်း/ကော်၊ စည်း/ထိမ်း ကိစ္စများကြောင့် ခေါင်းခဲရသောဖြစ်ရပ်များ၊ ခွက်ပျောက်စစ်ဗိုလ်များ
ကဲ့သို့သော ဇော်ကန့်လန့်များရဲ့ ပညာပေးမှု/ကန့်လန့်တိုက်မှုများ၊ ကျန်အုပ်မှူး/တပ်မှူးများရဲ့
ပညာပြမှုများကြားဝယ် အုပ်ချုပ်ရေးတပ်မှူးများသည်လည်း တပ်မတော်(လေ)နှင့်အတူ အလဲလဲအကွဲကွဲပါပဲဟု
ရင်ဖွင့်သွားကြပါတော့တယ်။
စက်မှုလက်မှု တပ်မှူးများနဲ့ အုပ်မှူးများရဲ့
ရင်ဖွင့်သံများကို နောက်ပိုင်းမှာ ဆက်လက်တင်ဆက်ပေးသွားပါမယ်။ အခုတင်ပြပြီးသမျှမှာတော့
အောက်ခြေအဆင့်မှာတင်မဟုတ်ဘဲ အလယ်အလတ် တပ်မှူးအဆင့်များမှာလည်း အဆင်မပြေမှုတွေဟာ အနေအထားအမျိုးမျိုးနဲ့
ရှိနေပြီး ဒီအခြေအနေတွေကို တပ်ချုပ်ကြီးသရင် ဘာဆက်လုပ်မှာလဲဆိုတာ သိချင်လှပါတယ်။
လေချုပ်ကြီးအနေနဲ့ ဗိုလ်ချုပ်ကြီး
Officiating စားနေသလို မိမိရဲ့သားသမီး လေတပ်သားတို့ရဲ့ အခြေအနေများကိုလည်း Junior တပ်ချုပ်ကြီး
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ရဲရဲဝံ့ဝံ့ တင်ပြသင့်ပါတယ်။ အမှားတွေရှိခဲ့ရင်လည်း
အမှန်ပြင်နိုင်ဖို့ အချိန်ကောင်းပါ။ ဦးသန်းရွှေတုန်းကလို ဖိန့်ဖိန့်တုန်အော်င မကြောက်လောက်တော့ဘူးလို့လည်း
ထင်ပါတယ်။
တပ်မတော်(လေ)မှ အရာရှိအများစုဟာ လေသူရဲဆိုလည်း
လေယာဉ်မောင်းနှင်မှုမှာသာ အာရုံစိုက်ပြီး သီးခြား Secondary Duty ဖြစ်တဲ့ ကြက်ခြံ၊ ၀က်ခြံ၊
စိုက်ပျိုးရေး စသော တာဝန်များ၊ အုပ်ချုပ်ရေးတပ်နှင့် ဆက်နွယ်သော တပ်ရေး၊ ရိပ်သာ စသောတာဝန်များကို
သီးခြားပေးအပ်ခိုင်းစေခံရသူများမှအပ စစ်သည်များ၊ မိသားစုများနဲ့ ရင်းနှီးကျွမ်းဝင်မှု
နည်းပါးပါတယ်။
စက်မှုလက်မှု အရာရှိများလောက်သာ လုပ်ငန်းသဘောအရ
လေယာဉ်ပြင်ဆင်ထိန်းသိမ်းမှုကို အခြားအဆင့်များနှင့်အတူ ဆောင်ရွက်ရတာမို့ လေသူရဲအုပ်မှ
စစ်သည်များရဲ့ လက်ပွန်းတတီးရှိပြီး လေတပ်သားတို့ရဲ့ အချို့သော ဘ၀မှန်များကို သိရှိခွင့်ကြုံကြပါတယ်။
အုပ်/တပ် အသီးသီးမှာ စစ်သည်မိသားစုများနဲ့
ရင်းနှီးကျွမ်းဝင်စွာ နေထိုင်ဆက်ဆံကာ အခက်အခဲ အခြေအနေများစွာကို ဗိုလ်/ဗိုလ်ကြီးဘ၀၊
ဗိုလ်မှူးဘ၀တွေမှာ နားလည်စာနာပေးခဲ့ကြပြီး တစ်ချိန်မှာ အုပ်မှူး၊ တပ်မှူးတွေ ဖြစ်လာချိန်မှာ
ယခင့်ယခင် အုပ်မှူး/တပ်မှူးများရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ပြင်ဆင်ဆောင်ရွက်
ပေးကြမယ်လို့ ထင်မှတ်ထားခဲ့ကြသူတွေ အများကြီး ရှိခဲ့ကြပါတယ်။
တကယ်တမ်း ယာယီဒုဗိုလ်မှူးကြီးတွေ ဖြစ်လာချိန်မှာတော့
ဒါကတော့ လုပ်ပေးသင့်ပေမယ့် ထောက်ထားစရာ၊ ရယူစရာ၊ ပေးဆပ်စရာဆိုတဲ့ တွေးတောချန်လှပ် လျစ်လျူရှုစရာ
အချက်ပေါင်းများစွာကို စဉ်းစားကြရရင်း၊ ယခင်နောင်တော် တပ်မှူးများရဲ့ လမ်းစဉ်အတိုင်းသာ
ဆက်လျှောက်ကြရတာတွေ ဖြစ်လာရပါတယ်။ ကကကြည်းမှ စီစဉ်တဲ့ ရာထူးတိုးမြှင့်ရေးအတါက် အထူး
(၂)ပတ်သင်တန်းက ဘာတွေပဲ လမ်းညွှန်သြ၀ါဒတွေ ပေးလိုက်သည်ဖြစ်စေ၊ ယခင်ဗိုလ်မှူးဘ၀နဲ့ ဘာမှမဆိုင်တော့သော
ပိကတ်ဦးထုပ်ပေါ်က ရွှေခြည်ထိုးရှာမှစလို့ Commander ဆိုသော အုပ်ချုပ်မှုအာဏာ၊ ယာဉ်/အိမ်
စသော အဆောင်အယောင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ အရာရှိငယ်ဘ၀က နားလည်စာနာမှုတွေဟာ အရောင်မှေးမှိန်
ပျောက်ကွယ်ခဲ့ရတာ ဘ၀မေ့သွားကြတာ အမှန်ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ညှာညှာတာတာ စဉ်းစားမိတာကတော့
အုပ်ချုပ်သူရဲ့အမြင်နဲ့ အုပ်ချုပ်ခံရဲ့အမြင်တွေဟာ မတူနိုင်သလို၊ Management Level မှာ
အထက်ကချမှတ်တဲ့ Policy အတိုင်း လက်အောက်ကို စီမံခန့်ခွဲရမှာပဲ ဆိုတဲ့ အတွေးတွေပဲ လွှမ်းမိုးလာခဲ့ကြပါတယ်။
အရာရှိငယ်ဘ၀က အတွေးအမြင်တွေဟာ မရင့်ကျက်ပဲ၊ အဆိုးမြင် Negative View အတွေးတွေ ဖြစ်သလိုတောင်
ထင်မြင်လာသူတွေ ဖြစ်လာပါတော့တယ်။
အုပ်မှူး/တပ်မှူးဘ၀မှာ အောက်ခြေနဲ့ တဖြည်းဖြည်း
ကင်းကွာလာသလို၊ အနီးကပ် ရှိနေသူများရဲ့ စကားသံကိုသာ ကြားရတော့တဲ့အတွက် ဒီလိုအတွေးအမြင်တွေ
ဖြစ်လာရပြီ။
အမှန်တရားနဲ့ စတင်ကင်းကွာလာရခြင်းကို သတိထားမိသူတွေလည်း
ရှိသော်လည်း အနည်းစုသာလျှင် ဖြစ်ပါတယ်။ ဒါတောင် လေတပ်မှာ အုပ်မှူး/တပ်မှူးများဟာ သီးခြား
Commander မဟုတ်ဘဲ အထက်မှာ လေတပ်စခန်း ဌာနချုပ်မှူးအောက်မှာ ရှိနေပါသေးတယ်။ ခြေလျင်တပ်ရင်းက
တပ်မှူးတွေဆိုရင် သူ့အထက်မှာ မရှိလေတော့ ပိုတောင်ဆိုးပါဦးမယ်။ ဒီပြောင်းလဲမှုတွေကို
ထိုအုပ်မှူး/တပ်မှူးများကိုယ်တိုင် သတိမထားမိပေမယ့် ငယ်စဉ်ကတည်းက အတူလက်တွဲ လုပ်ဆောင်ခဲ့သော
စစ်သည်များကတော့ ကောင်းကောင်း သိမြင်နေကြရပါတယ်။
ဒီလိုအနေအထားကို သတိထားတတ်တဲ့အဆင့်တူ အရာရှိကြီးအချင်းချင်းအနက်မှ
အချို့က သတိပေးရင်း မျှမျှတတ သုံးသပ်ဆောင်ရွက်ကြရန် ညှိနှိုင်းမိခဲ့ချိန်တွင် အပေါစား
စည်းရုံးရေးလုပ်သည်၊ ပေါ်လစီ ထိခိုက်သော စည်းရုံးမှုလုပ်သည်၊ အကြီးအကဲများအပေါ် အာခံမည့်သူဖြစ်သည်
စသော တိုက်ခိုက်မှု၊ သွေးထိုးမှုများဖြင့် နောက်တဆင့် နေရာရရေးအတွက် ထိုးကျွေးခံရရင်
ဒုဗိုလ်မှူးကြီးဘ၀မှာပင် နိတ္ထိတံကြရသော အဖြစ်များကလည်း အများအပြားရှိခဲ့ပါတယ်။
မည်သို့ပင် ဖြစ်စေကာမူ လေတပ်မှ အုပ်မှူး/တပ်မှူးများအကြားတွင်
စက်မှုလက်မှု တပ်မှူးများဟာ ကျန်စစ်တက္ကသိုလ်ဆင်း အရာရှိကြီးများကဲ့သို့ အချင်းချင်း ချနင်းရန်၊
ကျော်တက်ရန်၊ ထိုးကျွေးရန်၊ First မရရင် Last ပဲဆိုတဲ့ လေ့ကျင့်ပေးမှုများ မခံခဲ့ရဘဲ၊
လူနေမှုဘ၀၊ ကျောင်းသားဘ၀အတွေ့အကြုံ ရင့်ကျက်မှုများစွာ ရှိခဲ့သူများ ဖြစ်ပါတယ်။ စက်မှုလက်မှု
တပ်မှူးများဟာ အပြင်အရပ်ဘက်တက္ကသိုလ်တွင် ကျင်လည်ခဲ့ပြီးမှ တပ်တွင်းရောက်လာသူများပီပီ
အကျိုးအကြောင်း၊ အဆိုးအကောင်း၊ စဉ်းစားပြီးမှ စစ်သည်မိသားစုများ အခြေအနေကိုလည်း ကျန်အုပ်မှူး/တပ်မှူးများထက်
ပိုမိုနားလည်ပေးနိုင်သူများ ဖြစ်လေရာ အချို့သော အဓိပ္ပါယ်မရှိသည့် စီမံချက်များ၊ အမိန့်များ၊
လုပ်ဆောင်မှုများအပေါ် ပြန်လည်စဉ်းစား သုံးသပ်ရန် အကြံပေးခြင်း၊ မဖြစ်မနေ လုပ်ရသည့်တိုင်
ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ အခြေအနေမျိုး ဖန်တီးပေးခြင်းတို့ကြောင့် လေတပ်စခန်းမှူးများရဲ့
မျက်မာန်ရှမှုအများဆုံး ခံကြရသူများ ဖြစ်လာပါတော့တယ်။
သို့သော်လည်း လေယာဉ်များ ပျံသန်းမှုအတွက်
ကောင်း/မကောင်း အဆုံးအဖြတ်ပေးခြင်း၊ လေတပ်စခန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ လေယာဉ်ဆီ သိုလှောင်ထိန်းသိမ်းမှုမှာ
စက်မှုလက်မှု တပ်မှူးရဲ့ အောက်တွင်ရှိနေခြင်းတို့ကြောင့် အစည်းအဝေးခန်းများ၊ လူအများရှေ့
စသည်တို့တွင် ပြစ်တင်ဆူပူခြင်းမှအပ ကလန်ကဆန်တော့ မလုပ်ရဲကြပါ။ အုပ်မှူးများဟာ လေယာဉ်ခေါက်ရေအလိုက်
ပျံသန်းသည့်နာရီ ကြာမြင့်မှုမှ တွက်ယူရရှိသော လေယာဉ်ဆီအချိုးအစားမှတဆင့် ပိုလျှံအောင်
ပြုလုပ်ကာ အုပ်၏၀င်ငွေကို ရှာဖွေခြင်းဖြစ်ရာ လေသူရဲ့တို့သည် ဆီပိုများများကျန်စေရန်
စွန့်စားပျံသန်းရှာဖွေကြရပါတယ်။
လေယာဉ်ဟာ မြေပြင်သို့ ပြန်လည်ဆင်းသက်စဉ်တွင်
အလေးချိန်ကန့်သတ် သတ်မှတ်ချက်များရှိပါတယ်။ သတ်မှတ်အချိန်အတိုင်း မပျံဘဲ ဆီများများကျန်ရန်
အလေးချိန်များများဖြင့် ပြန်ဆင်းချိန်ဟာ အလွန်အန္တရာယ်များသော ဆင်းသက်မှုဖြစ်ပါတယ်။ ထို့အတူ
ဆီပုံမှန်မထည့်ဘဲ လျှော့ထည့်ကာ လေယာဉ်ပျံတက်ထားပါကလည်း မုန်တိုင်းတိမ်ထူတပ်ကဲ့သို့
ရာသီဥတု ဆိုးရွားလာခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ခန့်မှန်းထားသည်ထက် လေထဲတွင်
ပိုကြာသွားပါက ဆီကုန်ပြီး ဒုက္ခများနိုင်ပါတယ်။
လေတပ်စခန်းအခြေအနေ၊ လေယာဉ်အခြေအနေပေါ်မူတည်ပြီး
သတ်မှတ်ဆီကို လေယာဥထဲထည့်ပြီးမှ ပထမနည်းအတိုင်း ချန်ကာပြန်ဆင်းပြီးမှ ဖောက်ရောင်းခြင်း၊
သို့မဟုတ် ဆီဖြည့်သည် Boxer ကားမှ အပြည့်မဖြည့်စေဘဲ အချိန်ခိုးမည့်အနေအထားအတွက် လိုမည့်ဆီပမာဏလောက်သာ
ထည့်ပြီးကျန်ဆီများကို ဆီကားထဲမှာပင် ချန်ကာရောင်းပစ်ခြင်း နည်းလမ်းများကို သုံးခြင်းကြောင့်
လေသူရဲ့များရဲ့ အသက်နှင့်ရင်းကာ ရှာဖွေကြသည်ဟု ပြောခြင်းဖြစ်ပါတယ်။ မည်သည့်နည်းလမ်းသုံးသည်ဖြစ်စေ
Accident ဖြစ်နိုင်ချေရှိသည်သာ ဖြစ်ပါတယ်။
ထိုသို့အုပ်မှူးများမှ ရှာဖွေကြသော်လည်း
စက်မှုလက်မှုတပ်မှူးမှာမူ လေယာဉ်ဆီ စထုတ်သည်မှစကာ အုပ်များမှ ပြန်ရောင်းသည့်တိုင် အချိုးကျ
ခွဲတမ်းများ ရရှိနေပြီး အုပ်ရှိလျှင် ရှိသလောက်၊ လေယာဉ်အမျိုးအစား စုံသလောက် အကျိုးအမြတ်များမှာ
အသက်မစွန့်ရဘဲ စာရွက်စာတမ်းပေါ်မှ Risk ယူရသည်မျှသာ ရှိပြီး သပိတ်ဝင်အိတ်ဝင် ရနေပါတယ်။
ဥပမာပြရလျှင် (၂၀၀၆ ခုနှစ်ခန့်က) အုပ်မှူးများ Surf ၀ယ်စီးနိုင်သောအချိန်တွင် ထိုလေယာဉ်
အုပ်မျိုး(၂)အုပ်ရှိသော ထိုလေတပ်စခန်းမှ စက်မှုလက်မှုတပ်မှူးဟာ မင်္ဂလာဒုံမှ ခရေပင်ရိပ်မွန်အိမ်ရာတွင်
လုံးခြင်းတိုက်တစ်လုံး Mark II ကား(၂)စီး၊ သားသမီး (၂)ဦးအား နိုင်ငံခြားတွင် ကျောင်းသွားတက်စေနိုင်သော
အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်သည့်ဘ၀ကို ရရှိခဲ့စေပါတယ်။ အုပ်မှူး Surf ၀ယ်စိးနိုင်တာလောက်ကိုတော့
စက်မှုလက်မှုတပ်မှူးက ပျင်းတောင်ပျင်းပါသေးတယ်။
အုပ်ချုပ်ရေးမှူးများဟာ လေတပ်စခန်းတစ်ခုလုံးမှ
ပြဿနာပေါင်းများစွာကို ခေါင်းခံဖြေရှင်းပြီး တပ်အနေအထားပေါ်မူတည်ကာ အိတ်များမှာ ဖောင်းတလှည့်
ပိန်တလှည့်ဖြင့် နေနေကြသလို လညကနှင့် လကက စသော ဌာနမှူးများဘ၀မှာလည်း အညိုငြင်ခံဝေမျှစားနေရလသို
စက်မှုလက်မှု တပ်မှူးများ။ အုပ်မှူးများသည်လည်း ဆီနှင့်ဘ၀ ထပ်တူအချိုးကျ ရှင်သန်လှုပ်ရှားနေကြရဆဲ
ဖြစ်ပါတယ်။ အကယ်၍သာ ဆီရောင်းစရာ ဈေးကွက်လည်း မရှိတော့ အခြားသော သက်သာချောင်ချိရေးလုပ်ငန်းများလည်း
ဆောင်ရွက်စရာမလိုဘဲ အခြားသော ဒေသတွင်း တပ်မတော်များ ကဲ့သို့သော အုပ်ချုပ်ထောက်ပံ့မှုစနစ်များလည်း
ရှိလာသော အခြေအနေတစ်ရပ်ကိုသာ ရရှိမည်ဆိုပါလျှင် တင်ပြခဲ့သော မရှူနိုင်မကယ်နိုင် အခြေအနေများကြားမှ
commander များရဲ့ဘ၀တဆစ်ချိုးများသည်လည်း ယခုကဲ့သို့သော တင်ပြချက်များ ဖြစ်မလာနိုင်တော့ဘဲ
ဒဏ္ဍာရီ ပုံပြင်များအဖြစ်သာ ရှိနေတော့မည် ဖြစ်ပါတော့တယ်။
No comments:
Post a Comment