နိုင်ငံတိုင်းတွင် နိုင်ငံတော်အလံရှိသလို
နိုင်ငံတော် သီချင်းကိုယ်စီကိုယ်စီ ရှိကြသည်။ မြန်မာနိုင်ငံတော်တွင်လည်း နိုင်ငံတော်သီချင်း
ရှိပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းသည် မြန်မာ့လွတ်လပ်ရေး အတွေ့အကြုံများကြားမှာ ရရှိလာခြင်းဖြစ်၍ အဓိပ္ပာယ်ပြည့်ဝလေးနက်၏။
အားမာန်အပြည့်ပါသည်။ စိတ်တက်ကြွဖွယ်ရာ ဖြစ်သည်။ နိုင်ငံတော် သီချင်းသံကြားရုံနှင့်
စိတ်ဓာတ်အားမာန် တက်ကြွရဲရင့်လာကာ ကြက်သီးဖြန်းဖြန်း ထသည်အထိ မျိုးချစ်စိတ် ပြည်ချစ်စိတ်ဓာတ်
တက်ကြွလာ၍ တချို့ဆိုလျှင် မျက်ရည်ကျသည်အထိ ခံစားကြရပါသည်။
မြန်မာတို့၏ ဇာတိသွေးဇာတိမာန် တက်ကြွ၍ ကျက်သရေ
မင်္ဂလာရှိသော နိုင်ငံတော်သီချင်းမှာ-
တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ၊ တို့ပြေ
တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ၊ တို့ပြေ
တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကြေ
ဗမာပြည် တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊
ဒါတို့ပြေ ဒါတို့မြေ၊ တို့ပိုင်နက်မြေ၊ တို့ပြေတို့မြေ၊ အကျိုးကို ညီညာစွာ တို့တစ်တွေ၊
ထမ်းဆောင်ပါစို့လေ၊ တို့တာဝန်ပေ၊ အဖိုးတန်မြေ။
ထိုသီချင်းကို ဆိုရုံ၊ ကြားရုံဖြင့် စိတ်ဓာတ်မြင့်တက်လာခြင်းမှာ
တေးဂီတသံစဉ်၏ လှုံ့ဆော်နိုင်မှု၊ စာသားတို့ ခွန်အားပြည့်နေခြင်းအပြင် မြန်မာတစ်မျိုးသားလုံး၏
ရင်ထဲမှာ အထွတ်အမြတ်ထားသော လွတ်လပ်ရေး ၀ိညာဉ်ပါရှိနေ၍ ဖြစ်ပါသည်။
ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ကုန်းဘောင်ခေတ် စသည့် မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်တွင် မြန်မာတို့သည် ကိုယ့်မင်းကိုယ့်ချင်း
ကိုယ့်အုပ်ချုပ်ရေး စနစ်ဖြင့်နေလာကြရာ ၁၂၄၇ ခု (၁၈၈၅) သီပေါမင်းလက်ထပ်တွင် အင်္ဂလိပ်လက်အောက်သို့
ကျရောက်ခဲ့ရသည်။ သူတစ်ပါး ကျွန်နိုင်ငံအဖြစ် မရပ်တည်လိုသော မြန်မာတိုင်းရင်းသား လူမျိုးတို့က
နည်းမျိုးစုံဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
၁၉၃၀ ခန့်မှစကာ တက္ကသိုလ်ကျောင်းသား သပိတ်များ၊
ရေနံမြေသပိတ်များ၊ တောင်သူလယ်သမား၊ အလုပ်သမားအရေးတော်ပုံများ ပေါ်ပေါက်က အုံကြွတော်လှန်ခဲ့ကြသည်။
ဂျပန်နှင့်ပေါင်းကာ အင်္ဂလိပ်ကိုတော်လှန်ပြီး အင်္ဂလိပ်တို့ အိန္ဒိယသို့ ထွက်ပြေးသောအခါ
ဂျပန်က မလိမ့်တစ်ပတ် အာဏာယူထားသည်။ လွတ်လပ်ရေး အစစ်မပေးသော ဂျပန်ကိုပါ ဆက်၍တော်လှန်ခဲ့သည်။
ထိုတော်လှန်ရေးများတွင် မြန်မာလူမျိုးရဲ့ အသက်ပေါင်းများစွာ စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲအလီလီ၊
တော်လှန်ရေးအဖုံဖုံ ဆင်နွှဲပြီးမှ ၁၉၄၈ ခုတွင် နိုင်ငံလွတ်လပ်ရေး ရခဲ့သည်။
ထိုကဲ့သို့သော လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို
ဖြတ်သန်းရာတွင် မြန်မာတို့၏ လွတ်လပ်ရေးရရန် ထက်သန်သောစိတ်ဓာတ်ကို တွန်းအားပေးရန် တို့ဗမာသီချင်းကို
စတင်ရေးဖွဲ့သီဆိုခဲ့ကြသည်။
တို့ဗမာသီချင်း၏ သံစဉ်ကို ၀ိုင်အမ်တီ ဆရာတင်က
ရှာဖွေတီးခတ်ခဲ့ပြီး သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်တို့နှင့် စာသားအတွက်
ညှိနှိုင်းရေးစပ်ကြရင်း ပြောင်မြောက်သော သီချင်းဖြစ်လာသည်။ ထိုသီချင်းကို တို့ဗမာအစည်းအရုံးကြီးမှ
အမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီး
အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီးသောအခါ နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်၊ နိုင်ငံတော်သီချင်းတို့ကို
အတည်ပြုရွေးချယ်ရန် လိုအပ်လာသောအခါ ယခင်မူဟောင်း တို့ဗမာသီချင်းကို အတည်ပြု၍ ရွေးချယ်ခဲ့သည်။
ဤသို့ဖြင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွဖွယ်ရာ
နိုင်ငံတော်သီချင်းတစ်ပုဒ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တည်ရှိနေဆဲ ဖြစ်ပါသည်။