07 June 2013

လက်ထပ်လက်စွပ်ကို အဘယ်ကြောင့် လက်သူကြွယ်မှာ ၀တ်ဆင်ကြသလဲ

         လက်ထပ်လက်စွပ်ပေးသော ဓလေ့မှာ အနောက်နိုင်ငံများက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါမြန်မာနိုင်ငံတွင်ပါ အချို့လူများက လိုက်၍ကျင့်သုံးနေပေပြီ။ အမျိုးသားနှင့် အမျိုးသမီး ချစ်ခင်စုံမက်၍အိမ်ယာထူထောင်ရာတွင် သေသည်အထိ ရာသက်ပန်ရိုးမြေကျ ပေါင်းဖော်ကြခြင်းသည်သာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီပြီး မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးခြင်းဖြစ်သည်။
          မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံအရ လက်ထပ်ထိမ်းမြားမှုမပြုခင် အကြိုသဘောအဖြစ် စေ့စပ်ကြောင်းလမ်းခြင်းကိစ္စ ပြုကြရသည်။ ထိုအချိန်တွင် စေ့စပ်လက်စွပ်ကိုလည်းကောင်း၊ လက်ထပ်ချိန်တွင် လက်ထပ်လက်စွပ်ကိုလည်းကောင်း တစ်ဦးနှင့်တစ်ဦး ၀တ်ဆင်ပေးကြရသည်။ စေ့စပ်လက်စွပ်ကို ရွှေသားပေါ်တွင် ကျောက်တစ်လုံးနှစ်မြှပ်ကာ ပြုလုပ်သော်လည်း လက်ထပ်လက်စွပ်ကိုမူ ဇနီးမောင်နှံနှစ်ဦး တစ်သားတည်း ဖြစ်စေခြင်းသဘောဖြင့် ရွှေသားချည်း ပြုလုပ်ကြသည်။
          ထိုသဘောအတိုင်းပင် မကွဲမကွာ အတူအမြဲ ရှိနေသည်ဆိုသော အဓိပ္ပာယ်ဆောင်ရန် လက်သူကြွယ်တွင် ၀တ်ဆင်ရသည်။ လက်ခလယ်နှစ်ချောင်းကို အောက်သို့စိုက်၍ ထိကပ်ထားပြီး ကျန်သော လက်ချောင်းလေးချောင်း ထိပ်ဖျားများ ထိထားသော အနေအထားတွင် လက်မ၊ လက်ညှိုး၊ လက်သန်းတို့ ထိကပ်ထားခြင်းကို ခွာ၍ရသော်လည်း လက်သူကြွယ်တို့အချင်းချင်း ထိကပ်ထားခြင်းကို ခွာ၍ မရပါ။ အမြဲပေါင်းစည်းနေသော သင်္ကေတဖြစ်သည်။ ထို့အပြင် မြန်မာ့အယူအဆအရ လက်သူကြွယ်မှာ ရွှေ၊ ငွေ၊ ကျောက်မျက်လက်စွပ်များ ၀တ်လေ့ရှိသော လက်ဖြစ်သဖြင့် ချမ်းသာကြွယ်ဝခြင်း အဓိပ္ပာယ်ကိုလည်း ဆောင်သည်။ ထို့ကြောင့် လက်ထပ်လက်စွပ်ကို လက်သူကြွယ်တွင် ၀တ်ဆင်ကြခြင်းဖြစ်သည်။

No comments:

Post a Comment