ကိုယ်ကျင့်တရားဟူသည်
မြတ်ဗုဒ္ဓ၏ ဒေသနတော်၌ “သီလ”ပင်ဖြစ်၏။ ဤ၌ “သီလဆိုတာ ဘာလဲ”ဆိုသည့်
မေးခွန်းတစ်ရပ် ပေါ်ပေါက်လာ၏။ အဖြေကား “ကိုယ်နှင့်နှုတ်ကို ကောင်းကောင်း
ထိန်းသိမ်းခြင်းသည် သီလ”ဖြစ်၏။
လူသည် မိမိ၏ကိုယ်ကျင့်ကို ထိန်းသိမ်းထားခြင်းမရှိ၊ သူ့အသက်ကိုလည်း သတ်၏။ သူ့ဥစ္စာကို ခိုး၏။ သူ့မယားကို မှောက်မှား၏။ မိမိ၏နှုတ်ကို ထိန်းသိမ်းထားခြင်းမရှိ၊ လိမ်၏။ အတင်းပြော၏။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံ၏။ အနှစ်မဲစကားကို ဆို၏။ ထိုအချိန်တွင် ထိုလူသား၏သန္တာန်၌ ကိုယ်ကျင့်သီလ ပျက်ပြားလေတော့၏။
ကိုယ်ကျင့်သီလ ခိုင်မြဲရန်အတွက် အမှန်တကယ်လိုအပ်သော အကြောင်းရင်းမှာ ကိုယ်ချင်းစာစိတ်ဖြစ်၏။ ကိုယ်ချင်းစာစိတ်ရှိမှ ကိုယ်ကျင်သီလ ကောင်းမွန်မည်။ ကိုယ်ကျင့်သီလကောင်းမွန်ပါမှ ဤကမ္ဘာကြီး ငြိမ်းချမ်းမည်။ ဤသည်ကား လူသားနှင့် ကမ္ဘာမြေကြီးတို့၏ သာမန်လူတို့ မသိနိုင် မမြင်နိုင်သည့် ဆက်စပ်မှုဖြစ်ပေသည်။ တစ်နည်းအားဖြင့် သတ္တလောကနှင့် သြကာသလောကတို့၏ အချင်းချင်း ကျေးဇူးပြုမှုကြီးတစ်ခုဟုလည်း ဆိုနိုင်ပေ၏။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေဠုဒ္ဓါရရွာကြီးသို့ ကြွရောက်တော်မူခဲ့ဖူး၏။ ခရီးရောက်မဆိုက်ပင် ရွာသားအချို့သည် ရှင်တော်ဗုဒ္ဓအား လျှောက်ထားကြ၏။ “အရှင်ဘုရား... တပည့်တော်တို့မှာ ငွေကြေးလည်း ပြည့်ပြည့်စုံစုံရှိပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကလည်း အလျှံပယ်ပါပဲ။ ဒီဘ၀အတွက်တော့ စိတ်ချင်ရပါပြီ။ နောင်ဘ၀မှာလည်း ပြည့်ပြည့်စုံစုံ နေနိုင်ဖို့ရယ်၊ နတ်စည်းစိမ်ခံစားဖို့ရယ် အဲဒီတရားမျိုးကို ဟောကြားတော်မူပါဘုရား”တဲ့။
ထိုရောအခါ ရှင်တော်ဗုဒ္ဓသည် ဤသို့ဤနှယ် မိန့်ကြားတော်မူခဲ့၏
“ဒကာတို့.. ခုရောနောင်ပါ လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေနဲ့ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင် သူ့အသက်ကို မသတ်ကြနဲ့၊ သတ္တ၀ါတွေအကုန်လုံး အသက်ရှည်ချင်ကြတယ်။ မင်းတို့လည်း ရှည်ချင်တယ်။ ဒီပြင်လူတွေလည်း ရှည်ချင်ကြတယ်။ မင်းတို့အသတ်ခံရရင် မကြိုက်သလို ဒီပြင်လူတွေလည်း ကြိုက်မှာမဟုတ်ဘူး။ ဒီတော့ ကိုယ်ချင်းစာစိတ်ကို ရင်ထဲမှာအပြည့်ထည့်ပြီး ကိုယ်ကျင့်သီလလုံခြုံအောင် ထိန်းသိမ်းကြ။
ပြီးတော့ မင်းတို့ကိုယ်တိုင်လည်း သူ့အသက် မသတ်နဲ့။ ဒီပြင်လူတွေလည်း မသတ်စေနဲ့။ သူ့အသက် မသတ်တဲ့ကိစ္စကိုလည်း ချီးကျူးစကား ပြောဆိုပေးကြ။ ဒါဆို အဲဒီလူရဲ့ကိုယ်ကျင့်သီလဟာ အစွန်းသုံးပါလွတ်ပြီး စင်ကြယ်နေပြီ”တဲ့။
နည်းတူ ရှင်တော်ဗုဒ္ဓသည် ဝေဠုဒ္ဓါရရွာသားတို့အား ကိုယ်ချင်းစာစိတ်ဖြင့် -
- သူ့ဥစ္စာ မခိုးကြဖို့
- သူ့မယား မမှားကြဖို့
- မမှန်စကား မပြောကြားဖို့
- ကုန်းတိုက်စကား မပြောကြားဖို့
- ကြမ်းတမ်းတဲ့စကား မပြောကြားဖို့
- အနှစ်မဲ့စကား မပြောကြားဖို့နှင့်
“ကိုယ်တိုင်မပြု၊ သူမပြုစေ၊ ချီးမွမ်းလေ”ဟူသော အစွန်းသုံးပါလွတ်၍ ကိုယ်ကျင့်သီလ ခိုင်မြဲရန် ဟောကြားတော်မူခဲ့၏။
ယနေ့လူသားတို့သည် ရှင်တော်ဗုဒ္ဓ၏ ထိုအဆုံးအမကို အတိအကျ လိုက်နာရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့မှီခိုရာ ဤကမ္ဘာကြီးသည် စရိုက်ပျက် လူသားတို့ကို ဆုံးမနှိပ်ကွပ်ဖျက်ဆီးပစ်ရန် ပုံစံမျိုးစုံဖြင့် အချက်ပြ အသိပေးလျက်ရှိ၏။ ငလျင်တွေ လှုပ်ပြ၏။ မီးတောင်တွေ ပေါက်ကွဲပြ၏၊ မုန်တိုင်းတွေ ထန်ပြ၏။ ရေတွေ ကြီးပြ၏။ အခါမဲ့မိုးတွေ ရွာပြန်၏။
သို့သော် ထိုထိုဤဤ အလီလီသောလူသားတို့သည် ရှင်တော်ဗုဒ္ဓ၏ အဆုံးအမများကို သွေဖီဆန့်ကျင်လျက် ပို၍ပို၍ပင် ကိုယ်ချင်းစာစိတ် ကင်းမဲလာနေကြ၏။ ကိုယ်ချင်းစာစိတ် ကင်းမဲ့သည်နှင့်အမျှ ကိုယ်ကျင့်သီလများ ပျက်ပြားလျက်ရှိ၏။ ကမ္ဘာကြီးသည် လူသားတို့၏ ဒုစရိုက်များဖြင့် မွန်းကျပ်မူးနောက်လျက်ရှိ၏။
ဤလိုပုံနှင့် မိုးကြီးချုပ်လျှင်ဖြင့် လူသားတို့၏ မနက်ဖြန်သည် ရေရာသေချာမှု မရှိနိုင်တော့ပေ။ ရီဝေမူးနောက်နေသည့်ကမ္ဘာကြီး၏ ဒဏ်ခတ်မှုကို ခံရမည့်အချိန်သည် လူသားတို့အတွက် အလွန့်အလွန် နီးကပ်နေပြီဖြစ်၏။
ကွင်းဆက်တစ်ခုကို ဖော်ထုတ်ဆက်စပ်ကြည့်မည်ဆိုပါလျှင် ယနေ့ကမ္ဘာကြီး၌-
သူ့သက် သတ်ခြင်း။
သူ့ဥစ္စာ ခိုးခြင်း
သူ့မယား အချောင်ရိုက်ခြင်း
လိမ်လည် လှည့်ဖျားခြင်း
အတင်းအဖျင်း ပြောဆိုခြင်း စသည် စသည့် ဒုစရိုက်အမှုတို့သည် အကြီးအကျယ် ထူပြောများပြားလျက်ရှိ၏။ လူသားတို့၏ ဒုစရိုက်အပူလှိုင်များကြောင့် ကမ္ဘာ့လေထုလမ်းကြောင်း၊ တိမ်းစောင်းပြီး လေတို့သည် ကြမ်းတမ်းခက်ထန်စွာ တိုက်ခတ်လာကြ၏။ ထိုလေလမ်းကြောင်း၏ ဒဏ်ကြောင့်ပင် နေလနက္ခတ်တာရာတို့သည် လမ်းကြောင်းများ လွဲချော်ခဲ့ကြရ၏။
ထိုအခါ အပူနှင့်အအေးတို့သည် ညီညွတ်မှုမရှိတော့ဘဲ ယိုင်နဲ့ပျက်စီးလာကြ၏။ ရေအမှုန်များပါဝင်သည့် လေထုကိုထိန်းထားသော အပူဓာတ်သည် အချို့နေရာတွင် အကြီးအကျယ်စုဝေးလျက်ရှိပြီး အချို့နေရာများ၌ မရှိသလောက်ပင် ပျောက်ကွယ်လျက်ရှိ၏။
ဤတွင် ရာသီဥတုသည် ပူသင့်သောအချိန်၌ အေး၏။ အေးသင့်သောအချိန်၌ ပူ၏။ အကယ်တိပူရမည့်အချိန်၌ အထိန်းအကွပ်မဲ့ ပူပြန်၏။ အေးရမည့်အချိန်၌ အတားအဆီးမဲ့ အေးပြန်၏။ ထိုအချိန်၌ ကံအားနည်းကြကုန်သော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေကြေပျက်စီးကြကုန်၏။
မိုးသည် ရွာသင့်သည့်အချိန်၌ ရွာသွန်းခြင်းမရှိ၊ မရွာသင့်သည့်အချိန်၌ သည်းသည်းထန်ထန် ရွာသွန်း၏။ ထိုမိုးဖြင့် အသက်မွေးကြရသူတို့၏ ဆင်းရဲတွင်းသည် နက်သထက်နက်လာ၏။ အထူးသဖြင့် လယ်ယာလုပ်ငန်းရှင်တို့၏ ယနေ့အခြေအနေမှာ နွားလေးရှဉ်းသမားသည် နှစ်ရှဉ်း၊ နှစ်ရှဉ်းသမားသည် တစ်ရှဉ်း၊ တစ်ရှဉ်းသမားသည် တစ်ကောင်အဆင့်အထိ ယုတ်လျော့နိမ့်ကျလာနေပြီဖြစ်၏။ ထိုမိုးကိုမှီ၍ ဖြစ်ထွန်းရသော ကောက်ပဲသီးနှံတို့သည် အထွက်နှုန်းများကျဆင်းခြင်း၊ သြဇာဓာတ် ခမ်းခြောက်ခြင်း၊ အနံ့အရသာ ပျက်စီးခြင်းတို့နှင့် ကြုံကြိုက်နေရ၏။ ထိုကောက်ပဲသီးနှံတို့ကို စားသောက်သုံးဆောင်ကြရသော လူသားတို့သည် ရောဂါထူခြင်း၊ စိတ်လက်မကြည်မသာဖြစ်ခြင်း၊ သေကြေပျက်စီးခြင်းတို့နှင့် ကြုံကြိုက်ကြရ၏။
လူသားတို့သည် ကမ္ဘာကြီးကို ပြန်လည်သိမ်းသွင်း စည်းရုံးရမည့်အခြေအနေသို့ အမှန်တကယ် ရောက်ရှိနေပြီဖြစ်၏။ မိမိတို့၏ရင်၌ မှီတွယ်သောင်းကျန်းနေသော အကျင့်ဆိုး အကျင့်ပျက်တို့ကို နှိပ်ကွပ်ထိန်းချုပ်ပြီး ကမ္ဘာကြီးနှင့်လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်တတ်ဖို့ လိုအပ်နေပြီဖြစ်၏။ ထိုသို့မဟုတ်ဘဲ စရိုက်ဆိုး စရိုက်ပျက်တို့ကို အထိန်းအချုပ်မရှိ လွှတ်ထားမည်ဆိုပါလျှင် ကမ္ဘာကြီးသည် အချိန်ကြာကြာ စောင့်နေတော့မည်မဟုတ်ပေ။ ယနေ့ မနက်ဖြန် ဆိုသလိုပင် လူသားတို့ကို နင်းချေဖျက်ဆီးပစ်ရန် အဆင်သင့် ဖြစ်နေလေ၏။
သို့အတွက် လူသားတို့သည် သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ သူ့အကျိုးစီးပွား ပျက်စီးအောင် လိမ်လည်လှည့်စားခြင်းတို့ကို ရှောင်ကြဉ်၍ ကမ္ဘာကြီးနှင့် ပြန်လည်သင့်မြတ်အောင် ကြိုးစားအားထုတ်ကြပါ။ ကိုယ်ချင်းစာနာစိတ်ဖြင့် ကိုယ်ကျင့်တရား မပျက်ပြားအောင် ထိန်းသိမ်းကြပါဟု တောင်းခံပါ၏။ ကိုယ်ချင်းစာစိတ်သည် ကိုယ်ကျင့်တရား၏ အရင်းအမြစ်ဖြစ်ပါကြောင်း.... ။
(ကိုရင်ရွှေဗျိုင်း-နေနတ်သား)

No comments:
Post a Comment