07 June 2013

ထိမ်းမြားလက်ထပ်ခြင်းအင်္ဂါ (၁၀)ပါးကို သိပါသလား




၁။     ဦးထိပ်၌ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း
          ဘိသိက်ဆရာနေဖြင့် လက်ယာရစ် ခရုသင်းထဲကိုဖြစ်စေ၊ ဖလားတစ်ခုတည်းကိုဖြစ်စေ န၀ရတ် ၉ ပါး၊ နံ့သာ ၅ မျိုးတို့၏ အရည်ကိုထည့်ပြီး သပြေညွန့်ထိုးကာ သတို့သား၊ သတို့သမီးတို့၏ ဦးခေါင်းထိပ်သို့ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၂။     ရေဖလား၌ လက်ချထားပြီး ထိမ်မြားခြင်း
          ရေဖလားတစ်ခုခုအတွင်း သတို့သား၊ သတို့သမီးတို့၏ လက်ယာလက်ကို ချထားပြီး လက်ထပ်ပေးပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၃။     ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း
          သတို့သား၊ သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး ပန်းကုံးတစ်ကုံးစီ ကိုင်ထားပြီး သတို့သမီးက သတို့သားကို ပန်းကုံးစွပ်ကာ သတို့သားက သတို့သမီးကို ပန်းကုံးစွပ်ကာ လက်ထပ်ပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၎။     စုလျားရစ်ပတ် ထိမ်းမြားခြင်း
          သတို့သားနှင့် သတို့သမီးတို့အား ပ၀ါရှည် တဘက်နှင့် ရစ်ပတ်လက်ထပ်ပါကလည်း ထိမ်းမြားလက်ထပ်ခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါပေသည်။

၅။     ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း
          ရွှေကြိုးတစ်ကုံးကို ကွင်းပြီး သတို့သားနှင့် သတို့သမီးအားစွပ်၍ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၆။     လက်ဖ၀ါးချင်းထပ်၍ ထိမ်းမြားခြင်း
          သတို့သမီး၏ လက်ဖ၀ါးကို ဖြန့်စေပြီး သတို့သား၏ လက်ယာလက်ဖ၀ါးအား အပေါ်ကတင်စေကာ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါနှင့် ပြည့်စုံပါသည်။

၇။     အ၀တ်လဲ၍ ထိမ်းမြားခြင်း
          သတို့သားအနေဖြင့် သတို့သမီး၏ အိမ်သို့ ရောက်သည့်အခါ သတို့သမီး၏ ဆွေမျိုးတစ်စုတို့က ၎င်းအတွက် ၀ယ်ထားသော အ၀တ်ပုဆိုးအသစ်တို့ကို ထုတ်ပေးစဉ် လဲလှယ်ဝတ်ဆင်ပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၈။     လက်စွပ်လဲ၍ ထိမ်းမြားခြင်း
          သတို့သားနှင့် သတို့သမီးတစ်ဦးနှင့်တစ်ဦး လက်စွပ်လဲ၍ ၀တ်ဆင်ကြလျှင်လည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

၉။     လက်ဆုံစား၍ ထိမ်းမြားခြင်း
          သတို့သားနှင့် သတို့သမီးတို့ အစားအသောက် တစ်ခုခုကို လက်ဆုံစားကြပါက ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါပေသည်။

၁၀။   ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
          သတို့သမီး၏ အိပ်ခန်းအတွင်းရှိ အ၀တ်လှန်းကြိုးတန်းပေါ်သို့ သတို့သား၏ ခါးဝတ်ပုဆိုးကို တင်ထားလိုက်ရုံနှင့် ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။

No comments:

Post a Comment