ဣဿ
- တဲ့။ အဒီအကုသိုလ်တရားက ကြောက်စရာကြီး။ သူ့ရဲ့ဘေးထွက်ဆိုးကျိုး (Side
Effects) ပိုလို့တောင်ပြင်းသေး။ အဲဒီဣဿာဆိုတာကြီးကို အရပ်သူအရပ်သားတွေက
(Jealousy) လို့ ပြောကြတယ်။ တကယ်တော့ မနာလိုတာ ငြူစူစောင်းမြောင်းတာတွေဟာ
ဣဿာပါပဲ။
ဒီပြင်လူချမ်းသာတာ၊ အောင်မြင်တာ၊ ရာထူးတက်တာ၊ ကျော်ကြားတာတွေကို အခြောက်တိုက်ကြီး မနာလိုမရှုစိမ့်ဖြစ်နေတာ အဲဒါ ဣဿာ။
ဟုတ်ပါ့။ အခြောက်တိုက်မှ တကယ့်အခြောက်တိုက်ကြီး။ လောဘနဲ့ခိုးစားတာက
မြိုးမြိုးမြက်မြက်ကလေးတော့ ရှိသေး။ ဒေါသနဲ့ ရိုက်လိုက်ပုတ်လိုက်ရတာက
အကြောလေးအချဉ်လေးတော့ ပြေသွားသေး။ အခု ဣဿာဆိုတဲ့ အကုသိုလ်ကြီးက
မစားရမသောက်ရနဲ့ သံသရာခရီးမှာ အလွန်ဒုက္ခ ပေးတာကလား။
ကျမ
ကျမဆိုတာ
ဘယ်သူလဲ။ နာမည်က သိပ်အရေးမကြီးလှပါဘူး။ လွယ်လွယ်လေးကတော့ ကျမဆိုတာ
ဗာရာဏသီပြည်က ဗြဟ္မဒတ်မင်းကြီးရဲ့ ဇနီးမယား၊ ရာထူးအားဖြင့် ပြောရင်တော့
မိဖုရားခေါင်းကြီးလို့ပဲ မှတ်ထားလိုက်ပါ။
ကျမဆို
အဲဒီဣဿာဆိုတဲ့ တရားဆိုးကြီးက အဲဒီဘ၀မှာ နှိပ်စက်ခဲ့ဖူးတယ်။ ကျမဖြင့်
ခါးကိုကော့နေတာပဲ။ ကျမဘ၀ဖြစ်စဉ်လေးကို ပြောပြဦးမယ်။ ကြုံလို့ပါ။
မကြုံရင်လည်း ကြုံအောင်ဖန်တီးပြီး ပြောရဦးမှာပဲ။
ဖြစ်စဉ်က
- အဲဒီဘ၀မှာ ကျမက အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ ကျမလေး ကျမရဲ့
မောင်တော်ဘုရင်မင်းမြတ်ကို သိပ်ချစ်ခဲ့တာ။ သူနဲ့ပတ်သက်လာရင်
ကျမရဲ့ရင်ခုန်သံတွေဟာ သိပ်ကို ပြင်ထန်းခဲ့တာ၊ ကျမဘက်ကသာ
နစ်နစ်နာနာချစ်နေတာပါ။ သူ့ဘက်ကတော့ အေးတိအေးစက်ရယ်၊ ဟိုစကားလေးက
အမှန်ပဲဖြစ်မယ်ထင်တယ်။
“မိန်းမတွေရဲ့အချစ်ဟာ သူတို့ရဲ့ဘ၀တစ်ခုလုံး၊ ယောက်ျားတွေရဲ့ အချစ်ကတော့ သူတို့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု”တဲ့။
ကျမအပေါ်ချစ်တဲ့
မောင်တော်ဘုရင်မင်းမြတ်ရဲ့အချစ်တွေ ပေါ့ပျက်ပျက်ဖြစ်နေတာလောက်ဆိုရင်
သည်းခံနိုင်ပါသေးတယ်။ အခုတော့ သူ့ဘက်က အဆင့်ကျော်လာတယ်။ သစ္စာမဲ့လာတယ်။
“ကခြေသည်မတစ်ယောက်ကို ဘုရင်မင်းမြတ်ကြီးက မြတ်နိုးတော်မူလို့”တဲ့။
ကျမပေါက်ကွဲသွားတယ်။
အကြီးအကျယ် ပေါက်ကွဲသွားတယ်။
ရင်ခုန်သံတွေ ကျယ်လောင်သွားတယ်။
အချစ်...
ပြီးတော့ မနာလိုခြင်း
ပြီးတော့ အမျက်ဒေါသ
“ရင်ခုန်သံကြောင့်
ကိုယ်ကျင့်တရားတို့ မပျက်ပြားပါစေနဲ့”ဆိုတဲ့ အဆိုအမိန့်တွေလည်း
ကျမခေါင်းထဲက ထွက်ပြေးကုန်တယ်။ ရင်ထဲမှာ အမျက်ဒေါသ အာဃာတတွေနဲ့
မနာလိုခြင်းတို့သာ အပြည့်နေရာယူထားကြတယ်။
ဘာပြောကောင်းမလဲ။
အဲဒီကခြေသည်မကို ချက်ချင်းပဲ ကျမဆီ အခေါ်ခိုင်းလိုက်တယ်။ ပြီးတော့
သူ့ရဲ့ခန္ဓာကိုယ်ပေါ် ခွေးလေးယားသီးအမှုန့်တွေ စိတ်ရှိလက်ရှိ ပက်ပစ်လိုက်တယ်။
ကျမ ရူးသွားပြီထင်တယ်။ ရင်ခုန်သံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။
နူးညံ့သိမ်မွေ့တဲ့စိတ်တွေဟာ ကျမခန္ဓာကိုယ်က ပြေးထွက်သွားကြပြီ။
စိတ်နဲ့ကိုယ်နဲ့ နည်းနည်းလေးမှ မကပ်တော့ဘူး။ ဘာတွေဘယ်လို ဖြစ်ကုန်မှန်းကို
မသိတော့ဘူး။ အငြှိုးအတေးတွေနဲ့ ကျမထင်တိုင်းကြဲလိုက်တာ
ကခြေသည်မရဲ့ခန္ဓာကိုယ်၊ အိပ်ရာနေရာ၊ ခြုံပုဝါ နေရာစုံလို့ ထင်တာပဲ။
ခွေးလေးယားသီးအမှုန့်တွေ ဖွေးဖွေးကြမ်းလို့။
ထိပြီ။
အဲဒီကခြေသည်မအကြီးအကျယ် ထိသွားပြီ။ ကုတ်လိုက်ဖဲ့လိုက်တာ နိုင်ငံတကာ Music
နဲ့ ခွေးဝဲစားတစ်ကောင် Break Dance ကနေသလိုမျိုး။ ဒဏ်ရာတွေကလည်း
ခန္ဓာကိုယ်တစ်ခုလုံး ဖွာဆန်ကြဲလို့။ သွေးတွေကလည်း ခြင်းခြင်းကိုနီနေတာပဲ။
ပျော်လိုက်တာ။
အချစ်ရူးကျမ
အဲဒီမြင်ကွင်းကိုကြည့်ပြီး အရမ်းပျော်ခဲ့မိတယ်။ ကျမကိုယ်ကျမ
သံသရာခရီးသည်ကြီးလို့လည်း မမြင်ခဲ့ဘူး။ ပြီးတော့ အခုဘဝ
ကျမသောင်းကျန်းခဲ့တဲ့ အမျက်ဒေါသ အာဃာတကြွေးတွေဟာ တစ်ချိန်ချိန်မှာ
ပြန်ပေးဆပ်ရမယ်ဆိုတာကိုလည်း မသိဘူးမဟုတ်လား။ ဟုတ်တယ်လေး မိတ်ဆွေကောင်းမှ
မရှိခဲ့ပဲကိုး။ ဘာပဲပြောပြော အကုသိုလ်အကြွေးထုပ်ကြီးထမ်းပြီး သံသရာခရီး
ထွက်ခဲ့ပြီ။ အဲဒီဘ၀က စုတိပြတ်ကြွေ ကျမဘ၀ လွန်ခဲ့ပြီတည်း။
(အချစ်သည်တစ်ခါတစ်ရံ၌ ကိုယ်ကျင့်တရား ပျက်ပြားသည်အထိ မိုက်မဲတတ်၏။)
ကိလေသာပြတ်မှ
ကံရပ်မယ်၊ ကံပြတ်မှ သံသရာရပ်မယ် မဟုတ်လား။ ကျမဘ၀မှာ သံသရာရပ်ပစ်နိုင်ဖို့
မပြောနဲ့။ ရင်ခုန်သံတွေကို မထိန်းနိုင်လို့ အမှားတွေတောင်
ကျူးလွန်ခဲ့ပြီးပြီ။ ဘ၀သစ်တစ်ခုကို မဖြစ်မနေ ကျမအခုလက်ခံလိုက်ရပြီ။
ဗုဒ္ဓဂေါတမ
ပွင့်တော်မူတဲ့အချိန်၊ ကပိလ၀တ်နေပြည်တော် မင်းမျိုးမင်းနွယ်ထဲမှာ
ကျမလူဖြစ်ခဲ့ပြန်တယ်။ ကျမအစ်ကိုကြီးက အရှင်အနုရုဒ္ဓါလေ၊ သိမှာပါ။ သာသနာမှာ
အင်မတန်ထင်ရှားကျော်ကြားတဲ့ မထေရ်တစ်ပါးပဲ။ ထားလိုက်ပါ။ ဒါတွေက
တကယ်အရေးကြီးတဲ့အရာတွေ မဟုတ်ပါဘူး။ မိတ်ဆက်ပေးလိုက်တဲ့သဘောပါ။
တကယ်ပြောချင်တာက ကြွေးအကြောင်း၊ အကုသိုလ်အကြွေးအကြောင်းပါ။ အဲဒီအကြွေးကို
ကျမ အခုပြန်ဆပ်နေရပြီ။ ကျမမှာ ကုဋ္ဌနူနာဆိုတဲ့ ကိုယ်ရေပြားရောဂါကြီး
စွဲကပ်နေပြီ။ ခန္ဓာကိုယ်က ယားလိုက်တာ ကုတ်လို့မဆုံး ဖဲ့လို့မဆုံးပါပဲ။
ဝမ်းနည်းလွန်းလို့ ငိုလိုက်ရတာကလည်း နေ့နေ့ညည။ အယားပြေလိုပြေငြား
မီးကင်ပြန်တော့လည်း ကင်နေတုန်းခဏပဲ။ မီးနဲ့ဝေးတော့ ယားပြန်ရော။
ကျမသိပ်ရှက်တာပဲ။ ကျမဘ၀ လူတောမတိုးတော့ဘူးပေါ့။ အိမ်တော်ထဲက အပြင်ကို
မထွက်ရဲဘူး။ သံဝေဂတစ်ခုတော့ ရလိုက်မိတယ်။ “သြော် အကုသိုလ်ဆိုတာ လူတွေကို
အရှက်ခွဲဖို့ စောင့်နေတာပဲ”လို့။
တစ်နေ့
ကပိလ၀တ်နေပြည်တော်ကို ကျမအစ်ကိုကြီး အရှင်အနုရုဒ္ဓါ ပြန်ကြွလာတယ်။
အစ်ကိုကြီးကို ဖူးချင်လိုက်တာ၊ မောင်နှမချင်း မတွေ့ရတာ ကြာပြီမဟုတ်လား။
အရမ်းကို တွေ့ချင်တာပဲ။ ဒါပေသိ ကျမဘ၀က နူနာရောဂါသည်လေ။ လူတောမှ
မတိုးတော့တာ။ ဖူးချင်စိတ် တွေ့ချင်စိတ်တွေကို ရင်ထဲမှာပဲ
သိမ်းထားလိုက်ပါတော့တယ်။
ကျမအစ်ကိုကြီး
အရှင်အနုရုဒ္ဓါဆိုတာ တကယ့်သူတော်စင်ကြီးလေ။ ကျမနားလည်သလို ပြောကြည့်တာပါ။
“ခပ်ညံ့ညံ့ပုထုဇဉ်တွေက အတ္တကိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကြတယ်။
တကယ့်သူတော်စင်ကြီးတွေက တာဝန်ကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ကြတယ်။”
အစ်ကိုကြီးတစ်ယောက် မွေးရပ်မြေကို ပြန်ရောက်နေတဲ့အချိန်မှာ
ညီမရင်းတစ်ယောက်နဲ့ တွေ့ဖို့ဆုံဖို့ စကားပြောဖို့ဆိုတာ လူသားတာဝန်လေ။
လူမှုရေးသံယောဇဉ်ပေါ့။ အစ်ကို့ရင်ထဲမှာ လူသားဆန်တဲ့
သံယောဇဉ်နှောင်ဖွဲ့မှုတို့ ဆိုတာမျိုးတွေ ရှိချင်မှရှိနေမှာပါ။
သို့သော်လည်းပေါ့လေ အစ်ကိုတစ်ယောက်ရဲ့ တာဝန်အရ ဆွေမျိုးတွေကတဆင့် ကျမကို
အရှင်အနုရုဒ္ဓါက ခေါ်တွေ့တယ်။
ဘာတတ်နိုင်မှာလဲ။
အစ်ကိုတစ်ယောက်ခေါ်နေပြီလေ။ အစ်ကိုဆိုတာတောင်မှ သာမန်မဟုတ်၊
ရဟန်းတော်တစ်ပါး။ ကျမလည်း ခပ်ရှက်ရှက်နဲ့ ပုဆိုးပိုင်းလေး မလုံ့တလုံခြုံပြီ
အစ်ကိုကြီးဆီ အဖူးအမြော်ဝင်ခဲ့တယ်။ အဲဒီမှာ အစ်ကိုကြီးက မိန့်တယ်။
“ညီမလေး အဲဒီနူနာကြီးပျောက်ချင်ရင် နင့်လက်ဝတ်လက်စားတွေ ထုခွဲရောင်းချင်ပြီး ဆွမ်းစာကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းလိုက်”တဲ့။
ပြီးတော့ မိန့်သေးတယ်။
“ကျောင်းပြီးသွားရင် အဲဒီကျောင်းကို တံမြက်လှည်း၊ သံဃာတွေအတွက် သောက်ရေအိုးတွေကို ရေဖြည့်၊ အဲဒါတွေ နင် နေ့တိုင်းလုပ်” တဲ့။
“သြော်
အစ်ကိုကြီးတစ်ယောက်၊ ညီမကို သနားကရုဏာကြီးလွန်းလို့
လမ်းညွှန်ခဲ့တာပဲ”ဆိုပြီး အစ်ကို့စကားကို မြေ၀ယ်မကျ နားထောင်ခဲ့ပါတယ်။ ကျမ
လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး နှစ်ထပ်ကျောင်းတစ်ဆောင်
ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ဘုံနှစ်ဆင့်နဲ့ လည်ပေါ်လေး။
အဲဒီကျောင်း
ပထမထပ် ပျဉ်ခင်းတဲ့နေ့ကစပြီး အစ်ကိုမှာခဲ့တဲ့အတိုင်း နေ့တိုင်း
တံမြက်လှည်းတယ်။ သံဃာတော်များအတွက် သောက်ရေအိုးတွေ ရေဖြည့်တယ်။ “ခန္ဓာဆိုတာ
ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ တိုက်ပွဲဖြစ်တဲ့နေရာ” ဆိုတဲ့စကားလေးက
တကယ့်အဟုတ်၊ ကျမကျောင်းလေးကို တံမြက်လှည်းရင်း လှည်းရင်းနဲ့
အရည်တရွှဲရွှဲဖြစ်နေတဲ့ ကျမခန္ဓာကိုယ်က အနာကြီးရောဂါကြီးဟာ တဖြည်းဖြည်း
ခြောက်ကပ်ညှိုးမှိန်လာတယ်။ ကုတ်ရဖဲ့ရတဲ့ကိစ္စတွေဟာလည်း အတော်လေးကို
နည်းပါးလာတယ်။ ကုသိုလ်အစွမ်းပြပြီလို့ ဆိုရမှာပဲ။
ကျမရဲ့ကျောင်းဆောင် ရေစက်ချတဲ့ပွဲမှာ ရှင်တော်ဗုဒ္ဓကိုယ်တိုင်
ကြွတော်မူလာပြီး အတိတ်က ကျမရဲ့ မိုက်ကြွေးမိုက်ပြစ်တွေကို ဖော်ထုတ်ပြီး
တရားဓမ္မများ ဟောကြားတော်မူခဲ့တယ်။
“ချစ်သမီးရောဟိနီ နင်ဘာလို့ အနာကြီးရောဂါသည်ကြီး ဖြစ်ရသလဲ သိလား”
“မသိပါဘုရား”
“ဘ၀တစ်ခုမှာ နင်မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူးတယ်။ ဒေါသကို မထိန်းနိုင်ဘဲ ကခြေသည်က တစ်ယောက်ကို ခွေးလေးယားသီးနဲ့ ဒုက္ခပေးခဲ့လို့”
“မှန်လှပါဘုရား”
“အေးကွယ်
ဒေါသ၊ အာဃာတ၊ မာန်မာနတွေကိုရှင်း၊ ရုပ်နာမ်တွေကို အတ္တလို့ မစွဲမိစေနဲ့၊
ကြောင့်ကြမှုအားကြီးတဲ့ ရာဂကို ပယ်သတ်နိုင်ပြီဆိုရင် ဆင်းရဲမှွုေ
နင့်ဆီမလာတော့ပါဘူး။”
ကောင်းလိုက်တဲ့တရားတော်...။
အဲဒီတရားပွဲကြီးအပြီးမှာ တရားနာပရိတ်သတ်အားလုံး သောတာပန်ဖြစ်ကြတယ်။
ကျမလည်း သောတာပန်ဖြစ်ပြီး အတ္တထောင်မှ လွတ်မြောက်ခဲ့တယ်။ ပြီးတော့
သံသယအမှောင်ကိုလည်း ရှင်းပစ်နိုင်ခဲ့တယ်ပေါ့။
အဲဒီမှာ ကျမတစ်ခု စဉ်းစားလိုက်မိတယ်။
“သံသရာခရီးသွားတွေမှာ
မိတ်ဆွေကောင်း အရမ်းလိုအပ်တာပဲ” လို့။ ဟုတ်တယ်လေ။ ကျမရဲ့ ဘ၀တစ်ခုကိုကြည့်၊
ဗာရာဏသီတိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီးတော့ ဖြစ်ခဲ့ပါရဲ့။
မိတ်ဆွေကောင်းမရှိခဲ့ဘူး။ ကြီးလိုက်တဲ့ ဒေါသတွေ၊ လုပ်လိုက်မိတဲ့ ကံတွေကလည်း
တစ်ဖက်လူဆင်းရဲကြောင်းတွေချည်းပဲ။ ပြီးတော့ကော ဘာထူးတုန်း၊
အဲဒီအကုသိုလ်ကြွေးတွေ ကျမကိုယ်တိုင်ပဲ ပြန်ပေးဆပ်ရတာပဲ။
အခုရောဟိနီမင်းသမီးဘ၀မှာတော့ မိတ်ဆွေကောင်းနဲ့ တွေ့လိုက်ရပြီ။ ဆရာက
မြတ်ဗုဒ္ဓ၊ အစ်ကိုက အရှင်အနုရုဒ္ဓါ၊ အစ်ကိုညွှန်ကြားလို့ ဆွမ်းစားကျောင်းအမ
ဖြစ်ခဲ့ရတယ်။ ဗုဒ္ဓဟောကြားလို့ အတ္တထောင်နဲ့ သံသယအမှောင်က လွတ်ခဲ့ရတယ်။
နူနာရောဂါကြီးလည်း ပျောက်ခဲ့တယ်။ ကျမဘ၀ ဒီသံသရာမှ အပယ်တံခါးကြီး
ပိတ်သွားပြီ။ အဲဒါပါ သံသရာခရီးသွားတွေမှာ မိတ်ဆွေကောင်း လိုအပ်တယ်ဆိုတာ”။
“မွေးဖွားခြင်းသည် သေဆုံးခြင်း၏ နိဒါန်း၊ သေဆုံးခြင်းသည် မွေးဖွားခြင်း၏ နိဂုံး” လို့
ကျမ
အဆိုတစ်ခု ပြုလိုက်ချင်ပါတယ်။ သောတာပန်ဆိုတာ သံသရာခရီးသွားပဲ
ရှိသေးတယ်မဟုတ်လား။ ကျမရောဟိနီ ခရီးထွက်ခဲ့ရပြန်ပါပြီ။ အဲဒီဘ၀က
စုတိပြတ်ကြွေ ကျမသေလွန်ခဲ့ပြန်ပြီပေါ့။
အချစ်သည် တစ်ခါတစ်ရံ၌ နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် တိမ်မြှုပ်ပျောက်ကွယ်နေတတ်၏။
ကျမ ဘ၀တစ်ခု စခဲ့ရပြန်ပါပြီ။
“ရောဟိနီနတ်သမီ”
တဲ့။ ကျမ နတ်သမီးဖြစ်ခဲ့တဲ့နေရာက တာဝတိံသာနတ်ပြည်ကြီးလေ။ အဲဒီနတ်ပြည်မှာ
ခိုင်ခိုင်မာမာ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေတရပ်ရှိတယ်။
“အိမ်ရှင်ရဲ့ရင်ခွင့်ထဲမှာဖြစ်ရင် သားသမီး၊ အိပ်ရာပေါ်မှာဖြစ်ရင် မိဖုရား၊
အိပ်ရာဝန်းကျင်မှာဖြစ်ရင် မိဖုရားရဲ့ ရံရွေတော်၊
ဗိမာန်ခြံဝင်းအတွင်းမှာဖြစ်ရင် အလုပ်အကျွေး” တဲ့။
ကျမရဲ့အဖြစ်က
ခပ်ဆန်းဆန်း၊ နတ်သားလေးယောက်ဆိုင်တဲ့ ပိုက်နက်ထဲမှာ နတ်သမီးသွားဖြစ်တာ။
သိတယ်မဟုတ်လား။ ကျမက ကျောင်းအလှူရှင်လေ။ လှလိုက်သမှ
ဘယ်ပန်းချီရေးလို့မမီပါပဲ။ “ရုပ်ဝါဟန်ပန် ဖက်မရန်တည့် သဏ္ဍာန်တင့်မော
ပြင်သူဇော၌ အဆောတလျှင် တပ်စိတ်ငင်လျက် ဘ၀င်လွန်ကျ ရူးအောင်လှ၍
ပဉ္စကလျာခြောက်ပြစ်ကွာကို” ဆိုတာမျိုး။
ဒီတော့
နတ်သားလေးယောက်ဟာ ကျမကိုမြင်ပြီး ရင်တွေခုန်နေကြတယ်။ “မြင်ကတည်းက ရင်ထဲက
စွဲခဲ့တယ်ရောဟိနီ”ပေါ့။ ပြဿနာက အဲဒီမှာပဲ စတော့တာ၊ “သူရသင့်တယ်၊
ငါရသင့်တယ်”ဆိုပြီး အပြိုင်အဆိုင် မရမက လုကြ ယက်ကြတော့တာ၊ ပြဿနာက တစ်စတစ်စ
ကြီးထွားလာပြီး ကျမနဲ့ နတ်သားလေးယောက် အဆုံးအဖြတ် ခံယူဖို့
သိကြားမင်းကြီးရဲ့ရုံးတော်ကို ရောက်သွားတော့တာ။
ရုံးတော်ကိုရောက်ပြန်တော့
သိကြားမင်းကြီးရဲ့ အကြည့်တွေကတစ်မှောင့်။ ဟုတ်ပ သိကြားမင်းကြီးလည်း ကျမကို
မြင်ပြီးကတည်းက ငူတူတူ ငိုင်တိုင်တိုင်ကြီးဖြစ်သွားတယ်။ သူလည်း အချစ်နတ်
အဖမ်းစားခံလိုက်ရတာနေမှာ။ သူ့အကြည့်တွေက ကျမဆီက ခွာကိုမခွာတော့ဘူး။
(Duty is Duty) ပေါ့။ တာဝန်ဟာ တာဝန်ပဲလေ။ ရှောင်နေလို့ ဘယ်ရမှာပဲ။ သိကြားမင်း အမှု စတင်စစ်ဆေးလိုက်တယ်။
“ကဲ မောင်မင်းတို့ ဘယ်လိုဖြစ်လာကြတာလဲ။ ဖြစ်စဉ်အစအဆုံး ရုံးတော်မှာ လျှောက်တင်ကြစမ်း”
နတ်သားလေးယောက် ငြင်းကြခုံကြနဲ့ တောင်းဆိုတင်ပြနေလိုက်ကြတာ ကျမမျက်နှာတောင် ဘယ်သွားထားရမှန်း မသိဘူး။ အဲဒီမှာ သိကြားမင်းကြီးက
“ကဲ မင်းတို့ခံစားချက်တွေ ပြောကြပါဦး သူနဲ့ပတ်သက်တဲ့..”
ပထမနတ်သားက-
“သိကြားမင်းကြီးရယ်
ရောဟိနီနတ်သမီးကို မြင်ကတည်းက ကျွန်ုပ်ရဲ့ရင်ခုန်သံတွေဟာ တဒုံးဒုံး
ဆက်တိုက်မြည်နေတော့တာပဲ။ စစ်မြေပြင်က စစ်သည်ကြီးတွေလိုမျိုး”
ဒုတိယနတ်သားက
“တောင်ကျမြစ်ကြီးဟာ ရေတွေအဆက်မပြတ် စီးဆင်းနေသလို ရောဟိနီကို မြင်ပြီးကတည်းက ရင်ခုန်သံတွေဟာ စက္ကန့်မခြား စီးမျောနေတော့တာပါပဲ“
တတိယနတ်သားက
“စေတီထိပ်ဖျားက
အလံများဟာ လေနဲ့အတူ တဖျပ်ဖျပ်လူးနေသလို ကျွန်ုပ်ရဲ့စိတ်တွေဟာလည်း
ရောဟိနီကိုချစ်တဲ့အချစ်တွေနဲ့ ငြိမ်ငြိမ်ကိုထားလို့ မရတော့ပါဘူး။”
စတုတ္ထနတ်သားက
“အပိုပြောတယ်
မထင်ပါနဲ့။ ရောဟိနီ နတ်သမီးကို မြင်ပြီးကတည်းက ကျုပ်မျက်လုံးတွေ
မှိတ်ပစ်ရမှာတောင် နှမြောမိတယ်။ ပုဇွန်ဆိတ်မျက်လုံးနဲ့ဖြင့် အတော်တူဗျာ”
အဲဒီအချိန်မှာ သိကြားမင်းက ဘာထပြောတယ်မှတ်တုံး။ သူ့စကားကြားပြီး ကျမတော် သွေးပျက်ချင်သလို ဖြစ်သွားတယ်။
“အမောင်နတ်သားတို့
ကျုပ်ကဖြင့် အမောင်တို့လို (လွမ်းတယ်ချာတိတ်၊ အိပ်မရဘူး။ ရူးသွားရင်လည်း
အကောင်းသား)တို့ ဘာတို့နဲ့ ကဗျာဆန်ဆန် မပြောတတ်ဘူး။ ရောဟိနီနတ်သမီးကို
မရရင် အင်း ကျုပ်ဖြင့် ခက်ကပြီ။ အသက် အန္တရာယ်တောင် စိုးရိမ်ရ..” တဲ့။
ကောင်းကြသေးရဲ့လား
အရပ်ကတို့လို့ ထမအောင်မိအောင် မနည်းကြိုးစားပြီး ထိန်းလိုက်ရတယ်။
စဉ်းစားကြည့်လေ။ အတော်တရားရှိတဲ့ တရားသူကြီး။ အောက်လက်ငယ်သားတွေအတွက်
လုပ်စားစရာ တစ်ွက်လေးတောင် ချန်မထားဘူး။ သူ့အိတ်ထဲ
အကုန်ဆွဲထည့်တော့မယ်ထင်တယ်။ ငါးရဲ့အလယ်ပိုင်းကိုယူပြီး ၀ံပုလွေနှစ်ကောင်ရဲ့
အငြင်းပွားမှုကို ဖျန်ဖြေပေးလိုက်တဲ့ ဖျံလိုတရားသူကြီးမျိုး ဖြစ်နေမလားပဲ။
လူ့ပြည်က တရားသူကြီးတွေနဲ့တော့ ကွာပါ့။
နတ်သားလေးယောက်ဟာ
ညှိညှိနှိုင်းနှိုင်းတွေးတွေးဆဆနဲ့ ပြန်လည်လျှောက်တင်လိုက်တယ်။
သိကြားမင်းကြီးရယ် အရှင်ကလူကြီးပါ။ လူကြီးတစ်ယောက် ပျက်သုဉ်းသွားတယ်ဆိုတာ
အသိုက်အမြုံတစ်ခုအတွက် အလွန်နစ်နာပါတယ်။ ကျွန်တော်မျိုးတို့လေးယောက်
ရင်ခုန်သံကို ထိန်းချုပ်ပြီး နောက်ဆုတ်ပေးပါ့မယ်။ ရောဟိနီနတ်သမီးကို
အရှင်သာ လက်ခံသိမ်းပိုက်လိုက်ပါတော့”တဲ့။
နတ်သားလေးယောက်ဟာ
ကျမအတွက်နဲ့ ရင်တွေခုန်နေခဲ့တာ မှန်တယ်။ ဒါပေသိ သူတို့တစ်တွေ
အဲဒီရင်ခုန်သံတွေကြောင့် ကိုယ်ကျင့်တရား မပျက်ပြားခဲ့ကြဘူး။ အသိတွေ
သတိတွေနဲ့ ကိုယ်ကျင့်မပျက်အောင် ထိန်းထားနိုင်ခဲ့ကြတယ်။
ကျမပြောချင်တဲ့
ရင်ခုန်သံနဲ့ ကိုယ်ကျင့်တရားဆိုတာ ဒါပါ။ ကျမကိုယ်တိုင် ဘ၀တစ်ခုမှာ
အချစ်နဲ့ ရင်တွေခုန်ခဲ့ဖူးတယ်။ အဲဒီရင်ခုန်သံကြောင့်ပဲ ဒေါသ၊ အာဃာတ၊
မာန်မနာတွေနဲ့ အမှားတွေ လုပ်ခဲ့မိတယ်။ ကိုယ်ကျင့်တရား ပျက်ခဲ့ဖူးတယ်။
ကမ္ဘာကြီးနဲ့လူသားတို့ ဟန်ချက်ညီညီ အဆင်ပြေပြေ ပူးတွဲနေထိုင်နိုင်ဖို့အတွက် ကျမတောင်းခံလိုက်ချင်ပါတယ် -
- ရင်ခုန်သံကြောင့် ကိုယ်ကျင့်တရား မပျက်ပြားဖို့။
- ဒေါသဝ မာန၊ အာဃာတနဲ့ သံယောဇဉ်တို့ကို ရှင်းလင်းပစ်ဖို့။
- အတ္တထောင်မှ လွတ်အောင် ရုန်းထွက်နိုင်ကြဖို့။
- ရာဂမီးကို အပြီးတိုင် ငြိမ်းသတ်နိုင်ကြဖို့ ကြိုးစားကြပါလို့..။
အချစ်သည် တစ်ခါတစ်ရံ၌ အနစ်နာခံခြင်း အလှတရားကို မွေးဖွားပေးတတ်၏။
(ကိုရင်ရွှေဗျိုင်း - နေနတ်သား)
No comments:
Post a Comment